ဩစတြေးလျနိုင်ငံသို့ ကိုဗစ် - ၁၉ ရောဂါကူးစက်မှုဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတကာမှဝင်ရောက်မှုအရေအတွက် အမြင့်မားဆုံးဖြစ်

နိုဝင်ဘာ ၁၄

ဩစတြေးလျနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါကူးစက်မှုဖြစ်ပွားပြီးနောက်ပိုင်း နိုင်ငံတကာမှဝင်ရောက်မှုအရေအတွက်သည် အမြင့်မားဆုံးဖြစ်လာသည်။

ဩစတြေးလျကိန်းဂဏန်းဗျူရို၏ထုတ်ပြန်သောအချက်အလက်အရ အောက်တိုဘာလအတွင်း ပြည်ပမှဩစတြေးလျသို့ ဝင်ရောက်သူ ၁ ဒသမ ၇၄ သန်းရှိရာ စက်တင်ဘာလက ပြည်ပမှလာရောက်သူ ၁ ဒသမ ၆ သန်းထက် ပိုမိုများပြားခဲ့သည်။

၂၀၂၂ ခုနှစ် အောက်တိုဘာလက ပြည်ပမှလာရောက်သူ ၁ ဒသမ ၂၁ သန်းထက် ၄၃ ရာခိုင်နှုန်းပိုမိုများပြားခဲ့ရာ ၂၀၂၀ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း ပြည်ပမှဝင်ရောက်မှုအများဆုံးလဖြစ်သည်ဟု သိရသည်။

စက်တင်ဘာလက နိုင်ငံခြားသားခရီးသွား ၆၄၀၂၁၀ ဝင်ရောက်ခဲ့ရာ ၂၀၂၂ ခုနှစ် စက်တင်ဘာလက ဝင်ရောက်သောနိုင်ငံခြားသားခရီးသွား ၃၇၁၈၅၀ ထက် ခရီးသွားအရေအတွက်ပိုမိုများပြားခဲ့သည်။

ဩစတြေးလျနိုင်ငံသို့ စက်တင်ဘာလအတွင်း နယူးဇီလန်နိုင်ငံမှခရီးသွားဝင်ရောက်မှု ၁၂၈၈၂၀ ရှိရာ ခရီးသွားအရေအတွက်အများဆုံးဖြစ်သည်။ နယူးဇီလန်ပြီးလျှင် တရုတ်နိုင်ငံမှခရီးသွား ၅၉၀၈၀၊ အမေရိကန်ပြည်ထောင်စုမှ ခရီးသွား ၃၆၄၀၀  ဝင်ရောက်ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို