၃၁ ဒီဇင်ဘာ

 

ဩစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်းတွင် တောမီးများ အကြီးအကျယ်လောင်ကျွမ်းမှုကြောင့် နှစ်ဦးသေဆုံးပြီး အများအပြား ပျောက်ဆုံးနေကြောင်း ယနေ့တွင် သတင်းဖော်ပြထားသည်။

 

1

 

ကိုဘာဂိုတွင် နှစ်ဦးသေဆုံးကြောင်း အတည်ပြုခဲ့ပြီး တစ်ဦးမှာပျောက်ဆုံးနေဆဲဖြစ်ကြောင်း နယူးဆောက်ဝေးပြည်နယ် ဝန်ကြီးချုပ် ဂလပ်စ် ဘီရီဂျစ်လီအန် က သတင်းထောက်များကို ပြောကြားခဲ့သည်။

 

နယူးဆောက်ဝေးပြည်နယ် အရှေ့တောင်ဘက်ရှိ ကိုဘာဂိုမြို့ မီးလောင်ကျွမ်းမှုကြောင့်သေဆုံးခဲ့သူနှစ်ဦးမှာ  ၎င်းတို့နေအိမ်ကို မီးဘေးအန္တရာယ်မှ ကာကွယ်ရန်ကြိုးစားနေသည့် သားအဖနှစ်ဦးဖြစ်သည်ဟု ယူဆရသည်။

 

ဗစ်တိုးရီးယားပြည်နယ်တောင်ပိုင်းတွင် လေးဦးပျောက်ဆုံးနေကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပြီး လူပေါင်း လေးထောင်ကျော်မှာ ပင်လယ်ကမ်းခြေတွင် ပိတ်မိနေခဲ့ကြသည်ဟု သိရသည်။

 

ထိုပိတ်မိနေသူများကို ကယ်ဆယ်ရန် ဖြစ်နိုင်သမျှနည်းလမ်းများကို စဉ်းစားနေကြောင်း ဗစ်တိုးရီးယားပြည်နယ်ဝန်ကြီးချုပ် ဒန်နီယယ် အင်ဒရူးစ် က ပြောကြားခဲ့သည်။

 

2

 

ဗစ်တိုးရီးယားပြည်နယ်အရှေ့ဘက်  ဂစ်စလန်ဒေသတွင် ဟက်တာ ၂၀၀၀၀၀ နီးပါးခန့် မီးများလောင်ကျွမ်းနေသဖြင့် ဒေသခံများ ညလုံးပေါက် သတိရှိကြရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

 

ဩစတြေးလျနိုင်ငံ၏ မကြုံစဖူး တောမီးလောင်ကျွမ်းမှုကြောင့် ခန့်မှန်းခြေအားဖြင့် နေအိမ် အလုံး ၁၀၀၀ ပျက်စီးခဲ့ပြီး ၁၀ ဦးထက်မနည်း သေဆုံးခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို