ပဲခူး ၁၅ ဧပြီ 

 


ပဲခူးမြို့ ရွှေမော်ဓောဘုရား ရင်ပြင်တော် ကျောက်ပန်းတောင်းဓမ္မာရုံ၌ ဧပြီ ၁၄ ရက် ညနေ ၅ နာရီက ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ (၂၆၀၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

 


အခမ်းအနားတွင် ဩဝါဒစရိယ ပဲခူးမြို့ မြို့မစာသင်တိုက် ပဓာနနာယဆရာတော် ဘဒ္ဒန္တဂန္ဓမာထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များက ပရိတ်တရားတော်များ ချီးမြှင့်တော်မူကြသည်။

 

dd

 

ယင်းနောက် ပွဲတော်ကျင်းပရေး ဗဟိုကော်မတီဥက္ကဋ္ဌ ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့်က ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပရသည့်အကြောင်း ရှင်းလင်းလျှောက်ထားသည်။ ဆက်လက်၍ ဩဝါဒစရိယ ဆရာတော်ကြီးများအား ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ဝန်ကြီးချူပ် ဦးဝင်းသိန်းက မီးခလုတ်နှိပ်၍ စေတီတော်မြတ်ကြီးအား မီးပူဇော်ကာ ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ (၂၆၀၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

 


ရွှေမော်ဓော စေတီတော်မြတ်ကြီး၏ (၂၆၀၁)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အား ဧပြီ ၁၄ ရက်မှ ၂၃ ရက်အထိ (၁၀)ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ပြီး ဗုဒ္ဓပူဇနိယပွဲတော်ကာလအတွင်း စေတီတော်မြတ်ကြီးအား ညလုံးပေါက် လျှပ်စစ်မီးပူဇော်ခြင်း၊ တန်ခူးလပြည့် ဧပြီ ၁၉ ရက် အာရုံတက်ချိန်တွင် ဆွမ်းတော်ကြီးကပ်လှူခြင်း၊ ယင်းနေ့ ညနေပိုင်းတွင် ဘုရားအမှူးပြုသော သံဃာတော်အရှင်သူမြတ် အပါး(၅၀ဝ)အား ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ပွဲတော်ပြီး နောက်တစ်နေ့တွင် အလှူရှင်များ၏ ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်သည်။

 


ထို့အပြင် ပျော်ပွဲရွှင်ပွဲအနေဖြင့် ဖိုးချစ်၊ စွမ်းဇာနည်၊ ဟံဇာမိုးဝင်း စသည့်ဇာတ်သဘင်များ၊ မိုးကြိုးငှက်ငယ်၊ ဆပ်ကပ်နှင့် အခြားပျော်ပွဲရွှင်ပွဲများ၊ အနယ်နယ်အရပ်မှ ကုန်ပစ္စည်းများ ရောင်းချခြင်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

 


ဟိန်းထက်(ပဲခူး)