ပဲခူး အောက်တိုဘာ ၂

 

ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပါဒစေတီတော်အသစ် ပြန်လည်တည်ထားကိုးကွယ်နိုင်ရေး ပထမအကြိမ် အလှူတော်ငွေပေးအပ်ခြင်း မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ ရွှေသာလျောင်းဘုရားရင်ပြင်တော်ပေါ်၌ ကျင်းပသည်။

 

ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် စေတနာရှင်အလှူရှင်များက ပဲခူးမြို့ ကြခတ်ဝိုင်း ပရိယတ္တိစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည် ကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးမြို့ ကြခတ်ဝိုင်းပရိယတ္တိစာသင်တိုက်၏ ဦးစီးပဓာန နာယကဆရာတော်၊ သာသနာ့မဏ္ဍိုင်ပါဠိတက္ကသိုလ် ကျောင်းတိုက်ဦးစီးပဓာနနာယက ဆရာတော်နှင့် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ်ညောင်တုန်း ကျောင်းတိုက်ပဓာနနာယက လှရတနာဆရာတော်တို့အား သင်္ကန်းအစရှိသော လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး တိုင်းဒေသကြီးဝန်ကြီးများနှင့် အလှူရှင်များက ကြွရောက်လာသည့် ဆရာတော် သံဃာတော်များထံ သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

 

ယင်းနောက် ပဲခူးမြို့ ရွှေသာလျောင်းဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး၏ ပါဒစေတီတော်အသစ် ပြန်လည် တည်ထားကိုးကွယ်နိုင်ရေးအတွက် လှရတနာဆရာတော်ကိုယ်စား တပည့်ဒါယကာတစ်ဦးက အလှူငွေ ကျပ် ၁၀၈ သိန်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က အလှူငွေကျပ်သိန်း ၁၀၀ နှင့် လှရတနာဆရာတော်ကြီး၏ တပည့်ဒါယကာ ဒါယိကာမများ၊ ပဲခူးမြို့မှ အလှူရှင်များက အလှူငွေများ ဆက်ကပ်လှူဒါန်းကြသည်။

 

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ အဂ္ဂသာမိက ဝမ်းမြောက်စကားမြွက်ကြားပြီး ကြွရောက်လာသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များက မေတ္တာပို့ ဆုတောင်း ဂါထာတော်များ ရွတ်ပွားသရဇ္ဈယ်တော်မူကာ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာနနာယက လှရတနာ ဆရာတော်က အနုမောဒနာတရား ဟောကြားချီးမြှင့်ပေးပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းလောင်း အမျှအတမ်းပေးဝေကြသည်။

 

ပဲခူးမြို့ ရွှေသာလျောင်းဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ပါဒစေတီတော်အသစ် ပြန်လည်တည်ထား ကိုးကွယ်နိုင်ရေးအတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် ပဓာနနာယက လှရတနာ ဆရာတော်အရှင်သူမြတ်၊ စေတနာရှင် အလှူရှင်များက ပထမအကြိမ်အဖြစ် အလှူတော်ငွေကျပ် ၂၅၁၂ သိန်း ၅ သောင်းနှင့် ယွမ် ၂၀၀၀ တို့ကို လှူဒါန်းခဲ့ကြကြောင်း သိရသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပဲခူးမြို့ မဇင်းရပ်ကွက်ရှိ သပြေကုန်းဘိုးဘွားရိပ်သာသို့ သွားရောက်၍ အဘိုးအိပ်ဆောင်အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှုနှင့် အာဟာရဆောင် ပြန်လည် ပြင်ဆင်နေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အဘိုးအဘွားများ အာဟာရပြည့်စုံမှုရှိစေရေး၊ ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ စစ်ဆေးကုသခြင်းများ ပြည့်စုံမှုရှိစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)