ပဲခူး ဩဂုတ် ၁၃
ပဲခူးမြို့ မြို့တော်ခန်းမ၌ ဩဂုတ် ၁၃ ရက် နံနက်ပိုင်းက ၂၀၂၅ ခုနှစ် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်များနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းကျန်းမာရေး သီတင်းပတ်လှုပ်ရှားမှု အထိမ်း အမှတ် တိုင်းဒေသကြီးအဆင့်အခမ်းအနား ကျင်းပ ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့်ဇနီးတို့ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လူတိုင်းသက်ရှည်ကျန်းမာပြီး ရောဂါဘယကင်းရှင်းရေးအတွက် အာဟာရပြည့်ဝမျှတရေးသည် အဓိက အခြေခံကျသည့်လိုအပ်ချက် ဖြစ်ကြောင်း၊ ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်သော အနာဂတ်လူချွန်လူကောင်းများ ပေါ်ထွက်လာစေရေး အခြေခံကျပြီး အရေးပါသည့် အာဟာရဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ကျောင်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ကို အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုများနှင့်အတူ ပိုမိုခိုင်မာအောင် ပူးပေါင်းဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ အထက်တန်းအဆင့်ဆုရ ကျောင်းသား ကျောင်းသူများအားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နာယက ဒေါ်စိုးစိုးသက်က ကျောင်းကျန်းမာရေးသတင်းပတ်လှုပ်ရှားမှု အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ အလယ်တန်းအဆင့် ဆုရကျောင်းသား ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် မူလတန်းကျောင်းသား ကျောင်းသူများက “စိတ်လှဖို့လိုတယ်"သီချင်းဖြင့် တေးသရုပ် ဖော်တင်ဆက်ကြပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်များ ဗီဒီယိုကို ကြည့်ရှုခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ပြသထားသည့်ပြခန်းငယ်ကို လှည့်လည်ကြည့်ရှု ခဲ့ကြပြီး အသက်ငါးနှစ်အောက်ကလေးများအား အင်အားပြည့်ဗီတာမင်အေ ဆေးလုံးများ တိုက်ကျွေးကာ လက်ဆောင်ပစ္စည်းများပေးအပ်ခြင်း၊ ကိုယ်ဝန် ဆောင်မိခင်များအား အဏုအာဟာရဆေးဝါးများနှင့် အာဟာရဖြည့်စွက်စာများ ပေးအပ်ကြကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


