ပဲခူး ဩဂုတ် ၂၁

 

ပဲခူးမြို့ သီရိဟံသာအစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက ဒသကြီးဒူးရင်းစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ပပို့ကုန်တင်ပို့နိုင်ရေး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်သည်။

 

ပူးပေါင်းဆောင်ရွက်

ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်က ပဲခူးတိုင်းဒေသကြီးအတွင်းမှ ဒူးရင်းစိုက်ပျိုးထုတ်လုပ်သူများ အနေဖြင့် မြန်မာ့ဒူးရင်းသီးနှံဝယ်လိုအားရှိသည့် ပြည်ပဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရန် ရည်ရွယ်၍ ဈေးကွက်သေချာသည့် အရည်အသွေးကောင်း ဒူးရင်းသီးနှံများကို တိုးချဲ့စိုက်ပျိုးပြီး ဒူးရင်းသီးနှံ အခြေခံထုတ်ကုန်များ တိုးတက်မြင့်မားရေးကို အားလုံးပူးပေါင်းဆောင်ရွက်မှသာ အချိန်တိုအတွင်း အောင်မြင်နိုင်မည်ဖြစ်ကြောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်း၌လည်း ပြည်တွင်းဒေသမျိုး ဒူးရင်းသီးနှံများ ပေါများစွာထွက်ရှိသော်လည်း ပြည်တွင်းဈေးကွက် တစ်ခုကိုသာ အားကိုးနေရသဖြင့် ပြည်ပပို့ကုန်အဖြစ် တိုးချဲ့ဆောင်ရွက်မည်ဆိုပါက အစုအဖွဲ့များဖွဲ့စည်းခြင်း၊ တစ်နေရာတည်း အမျိုးအစားတူစိုက်ပျိုး ထုတ်လုပ်ခြင်း၊ နည်းပညာဖလှယ်ခြင်း၊ ဒေသမျိုးများ မှတ်ပုံတင်ခြင်းနှင့် ပြည်ပဈေးကွက်ရရှိရေးဖန်တီးပေး ခြင်းများကို ဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ရွှေကျင်မြို့နယ်နှင့် ကျောက်ကြီးမြို့နယ်တို့တွင် လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် ဒူးရင်းသီးများ ထွက်ရှိလျက်ရှိပြီး ယခုအခါ ပဲခူးဒေသတွင်လည်း ဒူးရင်းသီးနှံကို စိုက်ပျိုးအောင်မြင်နေကြပြီဖြစ်သည့် အတွက် ထပ်မံတိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ပြည်ပပို့ကုန်အဖြစ် တင်ပို့နိုင်ရေး ဖိတ်ခေါ်ဆောင်ရွက်ရခြင်း ဖြစ်ကြောင်းနှင့် အခမ်းအနားသို့ တက်ရောက်လာသည့် ဒူးရင်းသီးနှံစိုက်ပျိုးရေးဆိုင်ရာ ပညာရှင်များ ၏ အကြံပြုချက်များအပေါ် သေချာလိုက်နာမှတ်သားနာယူ၍ မိမိတို့မှာရှိသည့် နည်းပညာ၊ အတွေ့အကြုံ၊ ဗဟုသုတများအပေါ်အခြေခံပြီး လက်တွေ့ပူးပေါင်း ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ဖော်ထုတ်ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

 

ထို့နောက် ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝနည်းပညာဌာနခွဲ ညွှန်ကြားရေးမှူး ဦးသိန်းလွင်က ဒူးရင်းသီးနှံ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ဒေသတွင်းနိုင်ငံများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ ဒူးရင်းစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ပြည်ပဈေးကွက် အနာဂတ်အလားအလာအခြေအနေများကို လည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာဝင်းနိုင်က ဒူးရင်းသီးနှံ မျိုးကူးစက်မွေးမြူခြင်းဖြင့် ရရှိသည့် ဒူးရင်းမျိုးသစ်များ၏ အသိပညာများကိုလည်းကောင်း၊ မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်းဥက္ကဋ္ဌ၊ ဦးစိုးသန်းမင်းဒင်က မြန်မာ့ဒူးရင်းသီးနှံစိုက်ပျိုး ထုတ်လုပ်မှုနှင့် ဈေးကွက်သစ် ဖော်ဆောင်နိုင်ရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေတို့ကို ဆွေးနွေးတင်ပြကြသည်။

 

ယင်းနောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံအတွင်း ထွက်ရှိသည့် ဒူးရင်းသီးနှံများနှင့် ပဲခူးတိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသည့် ဒူးရင်းသီးနှံ ဒေသမျိုးများ ခင်းကျင်းပြသထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)