ပဲခူး အောက်တိုဘာ ၃
ပဲခူးမြို့ ဆုတောင်းပြည့်ရွှေမော် ဓောဘုရား ယာဉ်ရပ်နားဝင်း၌ ယမန်နေ့ ညနေပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်၍ MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များ ပြပွဲ/ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပသည်။
ဖွင့်လှစ်
ဦးစွာ MSMEs လယ်ယာသုံး စက်ကိရိယာ ပစ္စည်းထုတ်ကုန်များ ပြပွဲ/ ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် တာဝန်ရှိသူတို့က ဖွင့်ပွဲအဝင် မုခ်ဦးဆိုင်းဘုတ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်တို့သည် ပဲခူးတိုင်းဒေသကြီး အတွင်းမှ ထုတ်လုပ်၍ ပြည်နယ်နှင့် တိုင်းဒေသကြီးများသို့ ဖြန့်ဖြူးပေးလျက်ရှိသည့် လယ်ယာသုံး စက်ကိရိယာ ပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးရာ ပြခန်းအလိုက် လယ်ယာသုံးစက်ကိရိယာ ထုတ်လုပ်သူများက ရှင်းလင်းပြောကြားသည်။
ဝယ်ယူလျက်ရှိ
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ဦးဆောင်၍ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိ ရေး၊ မိရိုးဖလာစိုက်ပျိုးနည်းစနစ်မှ သိပ္ပံနည်းကျ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲနိုင်ရေး၊ ပြည်ပ ပို့ကုန်အစားထိုးနိုင်ရေးနှင့် အရည်အသွေးပြည့်ဝပြီး ဈေးနှုန်းသင့်လျော်သည့် ပြည်တွင်းထုတ်ကုန်များ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်စေရေးရည်ရွယ်၍ MSMEs လယ်ယာသုံးစက်ကိရိယာပစ္စည်း ထုတ်ကုန်များ ပြပွဲ/ ပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ရာ မြို့နယ် ၂၈ မြို့နယ်မှ ထုတ်လုပ်လျက်ရှိသည့် ကောက်စိုက်စက်ကိရိယာအမျိုးမျိုး၊ စပါးအခြောက်ခံစက်၊ ဘက်စုံသုံးခြွေလှေ့စက်အမျိုးမျိုး၊ မျိုးစေ့ချစက်အမျိုးမျိုး၊ ပေါင်းလိုက်/ ပေါင်းရှင်း ကိရိယာအမျိုးမျိုး၊ ဆေးဖျန်းစက်အမျိုးမျိုး၊ စပါးသယ်ယူစက်အမျိုးမျိုး၊ နှမ်းပေါင်ကြီးတင်စက်များ၊ မြေဩဇာချစက်များ၊ ကြံစိုက်စက်များ၊ သဘာဝမြေဩဇာနှင့် ပိုးသတ်ဆေးအမျိုးမျိုး စုစုပေါင်းလယ်ယာသုံးပစ္စည်းနှင့် ဆက်စပ်ပစ္စည်း ၁၅၀ ကျော်ကို ဆိုင်ခန်းပေါင်း ၄၄ ခန်းဖြင့် ခင်းကျင်းပြသထားပြီး အနယ်နယ်အရပ်ရပ်မှ တောင်သူများ စိတ်ဝင်တစား လာရောက်လေ့လာ ဝယ်ယူလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


