ပဲခူး   အောက်တိုဘာ     ၆

 

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဦးဆောင်၍ ယမန်နေ့ ညနေပိုင်းက ပဲခူးမြို့ သီတင်းကျွတ်မီးထွန်း ပွဲတော်၊ မီးမျှောပူဇော်ပွဲ၊ MSME လယ်ယာသုံးစက်ကိရိယာပစ္စည်း ထုတ်ကုန်များပြိုင်ပွဲနှင့် ယိမ်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားတို့ကို စည်းကားသိုက်မြိုက်စွာ ကျင်းပသည်။

 

ဦးစွာ သီတင်းကျွတ်မီးထွန်းပွဲတော် ဖွင့်ပွဲအခမ်းအနားကို ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးနှင့် မြို့မိ/မြို့ဖ နှစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်လွင်လွင်အေးကျော်၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများက သီတင်းကျွတ်မီးထွန်းပွဲတော်ကျင်းပရာ ရွှေမော်ဓောဘုရားလမ်းတစ်လျှောက်ရှိ မီးအလှဆင်ရုပ်ပုံများနှင့် ရောင်စုံမီးပုံးများ ချိတ်ဆွဲအလှဆင်ထားရှိမှုတို့ကို အနယ်နယ်အရပ်ရပ်မှ လာရောက်လည်ပတ်ကြသည့် ပြည်သူများနှင့်အတူ လှည့်လည်ကြည့်ရှုအားပေးသည်။

 

ယင်းနောက် ပဲခူးမြစ်၌ ကျင်းပသည့် ဒုတိယအကြိမ် မြန်မာ့ရိုးရာယဉ်ကျေးမှု သီတင်းကျွတ် မီးမျှောပူဇော်ပွဲတော်အား ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး    ရပ်ကွက်နေပြည်သူများနှင့်အတူ မြတ်ဗုဒ္ဓထံရည်မှန်း၍ မီးကြာခွက် ၂၀၀၀ ကို မီးမျှောပူဇော်ကြသည်။

 

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည် ညပိုင်းတွင် ပဲခူးမြို့ရှေးဟောင်းသမိုင်းဝင် ဆုတောင်းပြည့်ရွှေမော်ဓောစေတီတော်မြတ်ကြီး၏ ယာဉ်ရပ်နားဝင်း၌ ပြုလုပ်သည့်  MSME လယ်ယာသုံးစက်ကိရိယာပစ္စည်း ထုတ်ကုန်များပြိုင်ပွဲနှင့် ယိမ်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားသို့ တက်ရောက်ကြသည်။

 

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တရားလွှတ်တော်တရားသူကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်   တာဝန်ရှိသူများက MSME  လယ်ယာသုံး စက်ကိရိယာပစ္စည်း   ထုတ်ကုန်များပြိုင်ပွဲနှင့် ယိမ်းပြိုင်ပွဲတို့တွင် ဆုရရှိသူများအား ဂုဏ်ပြုမှတ်တမ်းနှင့်   ဂုဏ်ပြုဆုများ ထိုက်ထိုက်တန်တန်ချီးမြှင့်ပေးအပ်ပြီး ပဲခူးမြို့ သီတင်းကျွတ်မီးထွန်းပွဲတော်သို့ လာရောက်လည်ပတ်အားပေးသည့် ဧည့်ပရိသတ်များအား နိုင်ငံကျော်အဆိုတော်များ၊ ရုပ်ရှင်၊   သဘင်၊ ဂီတအနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့ကြောင်း သိရသည်။

 

တိုင်းဒေသကြီး(ပြန်/ဆက်)