ပဲခူး ၆ ဧပြီ
ပဲခူးတိုင်းဒေသကြီးအတွင်း ရေကြီးနစ်မြုပ်မှုမှ လျော့ပါးသက်သာစေရေးအတွက် ပြည်ထောင်စုအစိုးရ အဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ လမ်းညွှန်မှုများနှင့်အတူ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ပဲခူးမြို့နယ်အတွင်းရှိ ခေါင်းဆေးကျွန်းချောင်းအောက်ပိုင်း ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းအား (၂၀၁၈-၂၀၁၉) ခုနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်လျှက်ရှိသည်။
ခေါင်းဆေးကျွန်းချောင်းအောက်ပိုင်းသည် ရေနက်ကွင်းဖြစ်သည့်အတွက် နှစ်စဉ် ပဲခူးမြစ်ရေ အတက်အကျရေဝင်ရောက်မှုနှင့်အတူ နုန်းထိုင်တိမ်ကောခြင်း၊ ကိုင်းပင်၊ မြက်ပင်၊ ရေဆူးပုတ်ပင်များ ထူထပ်စွာ ပေါက်ရောက်ခြင်းကြောင့် မိုးရာသီအတွင်း ပဲခူးမြို့၊ ရပ်ကွက်ကြီး (၇) ရန်ကုန်-မန္တလေးကားလမ်းအထက်ပိုင်းမှ စီးဆင်းလာသောရေများ၊ ခေါင်းဆေးကျွန်းကန်မှ စီးဆင်းလာသောရေများနှင့် ကျွန်းသာယာရပ်ကွက်အတွင်းမှ စီဆင်းလာသောရေများ ပေါင်းဆုံဝင်ရောက်လာသောအခါ ချောင်းအတွင်း ရေထုတ်နုတ်မှုအားနည်း၍ အဆိုပါရပ်ကွက်များ ရေကြီးနစ်မြုပ်မှုကို နှစ်စဉ်ခံစားခဲ့ကြရသဖြင့် ချောင်းဆေးကျွန်းချောင်းအောက်ပိုင်း ရေနုတ်မြောင်းအား ပဲခူးမြစ်နှင့် အဆုံမှ အထက်ဘက်သို့ အလျား(ဝ ဒသမ ၄၇)မိုင်၊ အောက်ခြေအကျယ်(၄၅)ပေ၊ ပျမ်းမျှအနက်(၆)ပေဖြင့် မြေကြီးကျင်းပေါင်း(၄၀ဝဝ)ကျော် တူးဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းအား ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ စီမံကြီးကြပ်မှုနှင့်အတူ တင်ဒါအောင်မြင်သော ပြင်ပလုပ်ငန်းရှင်ကုမ္ပဏီမှ မြေတူးစက်(၂)စီးဖြင့် ၂၀၁၉ ခုနှစ်၊ ဧပြီလဆန်းတွင် စတင်ဆောင်ရွက်ခဲ့ကာ ဧပြီလတတိယ အပတ်အတွင်း အပြီးဆောင်ရွက် သွားမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးပါက ပဲခူးမြို့၊ ရပ်ကွက်ကြီး(၇)နှင့် ကျွန်းသာယာရပ်ကွက်များအတွင်း မိုးရာသီရေကြီးနစ်မြုပ်မှုမှ လျော့ပါးသက်သာ စေမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)


