ပြည် စက်တင်ဘာ ၂၅
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး ဝန်ကြီးများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ ပြည်သာယာရပ်ကွက်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ရင်းနှီးလုပ်ကိုင်လျက်ရှိသော “ပေါက်ကြီး” ရေခဲမုန့်နှင့် မုန့်မျိုးစုံလုပ်ငန်းတွင် ဆိုလာစနစ် တပ်ဆင်အသုံးပြုနေမှုနှင့် မှော်ဇာကျေးရွာအုပ်စု သရေခေတ္တရာ ပျူမြို့ဟောင်းအတွင်း၌ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့် လက်သည်းရေကန်တောင် ကျောင်းဝင်းအတွင်းရှိ နှစ်ထပ် အုတ်ကျောင်း ဘက်စုံပြုပြင်မွမ်းမံနေမှုတို့ကို လှည့်လည်ကြည့်ရှုသည်။
ထိုသို့ကြည့်ရှုစဉ် တိုင်းဒေသကြီးဝန်ကြီးချုပ်က MSMEs လုပ်ငန်းများ ဆိုလာစနစ်ဖြင့် စဉ်ဆက်မပြတ်လည်ပတ်နိုင်ရေးနှင့် ကုန်ထုတ်လုပ်ငန်းများ လျော့နည်းမှုမရှိစေရေး အားပေးဆောင်ရွက်သွားရန်၊ နှစ်ထပ်အုတ်ကျောင်း ပြန်လည်မွမ်းမံပြင်ဆင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှေးမူမပျက်ဆောင်ရွက်ရေး ဆွေးနွေးမှာကြားသည်။
ထို့နောက် မှော်ဇာကျေးရွာ အုပ်စုနှင့် မှုတ်ရှည်ကျေးရွာအုပ်စုအတွင်း သရက်ဇုန် အကောင်အထည်ဖော်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုပြီး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း ကျရောက်နေသဖြင့် သရက်ဇုန်အတွင်း အဆောက်အအုံများ ဆောက်လုပ်ရာတွင် အခိုင်အမာဆောက်လုပ်ခြင်းမပြုဘဲ သတ်မှတ်ပုံစံအတိုင်းသာ တစ်ပြေးညီဆောက်လုပ်ရန်၊ ခွင့်ပြုဧကအလိုက် သတ်မှတ်ထားသည့်ပင်ရေ ဝင်ဆံ့နိုင်ရေးနှင့် မြေယာရှင်းခြင်းလုပ်ငန်း ဆောင်ရွက်နေစဉ်အတွင်း လုံလောက်သော သရက်ပျိုးပင်များ ပျိုးထောင်ထားရှိရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


