ပဲခူး ဇန်နဝါရီ ၁၃
တိုင်းရင်းသား လူငယ်များအတွက် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်ပွဲ ကိုယနေ့နံနက်ပိုင်းက ပဲခူးမြို့ လူငယ်စင်တာ ဘက်စုံသုံး ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသအသီးသီးမှ တိုင်းရင်းသား လူငယ်များကို ကိတ်မုန့်နှင့် ပေါင်မုန့်အမျိုးမျိုးအား သန့်ရှင်းလတ်ဆတ်ပြီး အရည်အသွေးပြည့်မီသော မုန့်လုပ်နည်းစနစ်များကို ကိုယ်တိုင်ထုတ်လုပ်နိုင်သည့် အဆင့်ထိ တတ်ကျွမ်းအောင် သင်ကြားပေးသွားမည်ဖြစ်၍ သင်တန်းသား သင်တန်းသူများ အနေဖြင့် စနစ်တကျသင်ယူသွား ရမည်ဖြစ်ကြောင်း၊ တစ်ပိုင်တစ်နိုင် ကုန်ပစ္စည်းများကို ထုတ်လုပ်ရောင်းချခြင်းအားဖြင့် မိမိတို့အတွက်လည်း ဝင်ငွေရရှိသလို မိမိတို့ တိုင်းရင်းသားပြည်သူများအနေဖြင့် စားသောက်ကုန်များကို ဈေးနှုန်းချိုသာစွာ ဝယ်ယူ သုံးစွဲသွားနိုင်မည် ဖြစ်ကြောင်း၊ တိုင်းရင်းသား သင်တန်းသား သင်တန်းသူများ အနေဖြင့် သင်တန်းပြီးဆုံးသွားပါက မိမိတို့ ပတ်ဝန်းကျင်ဒေသရှိ တိုင်းရင်းသား ပြည်သူများကို အသိပညာ/နည်းပညာများ ပြန်လည်မျှဝေပေးပြီး အောင်မြင်သည့် စွန့်ဦးတီထွင်မှုရှိသည့် တိုင်းရင်းသားလူငယ် လုပ်ငန်းရှင်များ ဖြစ်အောင် အလေးထား ကြိုးစားသွားကြစေ လိုကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းရင်းသား သင်တန်းသား သင်တန်းသူများက တစ်ဦးချင်းမိတ်ဆက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ပြီး သင်ထောက်ကူ ပစ္စည်းများကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ပဲခူးမြို့မဈေးအနီး ပဲခူးတံတား အထက်ဘက်အခြမ်းနှင့် အောက်ဘက်ခြမ်း ဝဲ၊ ယာ၌ တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် Bored Pile အခြေပြု ကျောက်/ကွန်ကရစ် မြေထိန်းနံရံ တည်ဆောက်နေမှု နှင့် ဇိုင်းဂနိုင်းမြောက်ပိုင်းပန်းခြံ တည်ဆောက်နေမှုနှင့် ကမ္ဘောဇ သာဒီနန်းတော် အဝင်မုခ်ဦး တည်ဆောက်နေမှု၊ နန်းတော်အတွင်း Land Scaping Design မြေယာရှုခင်းအလှ တည်ဆောက်နေမှု၊ ကျွန်းတိုင်လုံးဟောင်းဆောင် ပြန်လည် တည်ဆောက်နိုင်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးကာ တည်ဆောက်ရေး လုပ်ငန်းစဉ် တစ်ခုချင်းအလိုက် စနစ်တကျ ကြီးကြပ်စစ်ဆေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


