ပဲခူး   ဧပြီ   ၁၉

 

ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်  MSMEs  လုပ်ငန်းများ   ဖွံ့ဖြိုးတိုးတက်စေရေး  နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ထောက်ပံ့မည့် အစီအစဉ်များနှင့် ပတ်သက်၍   လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဧပြီ ၁၈ ရက် နံနက်ပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ရှေးဦးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်   ဦးမျိုး ဆွေဝင်းက နိုင်ငံတော်မှ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် MSMEs လုပ်ငန်း များ တိုးချဲ့လုပ်ကိုင်နိုင်စေရေးအတွက်   နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေကျပ်  ရှစ် ဘီလီယံဖြင့်  ထပ်မံဆောင်ရွက်ပေးမည်ဖြစ်၍       အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအား သတ်မှတ်ထားသည့် မူဝါဒများ၊ ဘဏ္ဍာရေး စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သက်ဆိုင်ရာ နယ်မြေအလိုက်  စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့များက ကွင်းဆင်း၍  အမှန်တကယ် လုပ်ငန်း ဆောင်ရွက်သူများကိုသာ စိစစ်ရွေးချယ်ရန် လိုအပ်ကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် စိုက်နည်း စနစ်ပြောင်းလဲခြင်း၊ သက်တမ်းတို၍ အထွက်ကောင်းပြီး    ပြည်ပဈေးကွက်ရရှိနိုင်သည့်   သီးနှံများအား စိုက်ပျိုးနိုင်ရေး     စီစဉ်ဆောင်ရွက်ပေးရမည်ဖြစ် ကြောင်း၊   မွေးမြူရေးကဏ္ဍတွင်   ကောင်းမွန်သော တိရစ္ဆာန် မွေးမြူရေးစနစ်(GAqP)အတိုင်း မွေးမြူနိုင် ရေး အသိပညာပေးခြင်း၊ မျိုးကောင်းမျိုးသန့် ရရှိရေး ဆောင်ရွက်ပေးခြင်းများ   ဆောင်ရွက်ရန်လိုအပ်ကြောင်း၊  MSMEs  လုပ်ငန်းများနှင့်    ပတ်သက်၍ ထုပ်ပိုးမှုစနစ်များ ပိုမိုးတိုးတက်ကောင်းမွန်လာစေ ရေးနှင့် အရည်အသွေးပြည့်မီသည့် ထုတ်ကုန်များ ဖြစ်ပေါ်လာစေရေး ဆောင်ရွက်ပေးသွားရမည်ဖြစ် ကြောင်း၊ ရာသီဥတုပြောင်းလဲ မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် စိုက်ပျိုးရေရှားပါးမှု ပြဿနာအား ဖြေရှင်းနိုင်ရန်အတွက် ရေချိုထိန်းသိမ်းခြင်းအတွက် ဖွဲ့စည်း ပေးထားသည့် Water User အဖွဲ့များဖြင့် စိုက်ပျိုးရေအား    စနစ်တကျ   အကျိုးရှိရှိသုံးစွဲနိုင်ရေး    စိစစ် ကြပ်မတ်ဆောင်ရွက်သွားရန်   လိုအပ်ကြောင်းနှင့် အချိန်တို အတွင်း တောင်သူလယ်သမားများ၏ လူမှု စီးပွားဘဝများ     ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အားလုံး ပူးပေါင်းပါဝင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်သောင်းထိုက်က စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့ စီးပွားမြှင့်တင်ရေး     ရန်ပုံငွေဖြင့်     စနစ်တကျ ဆောင်ရွက်သွားမည့် အခြေအနေကိုလည်းကောင်း၊ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးက MSMEs လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စနစ်တကျဆောင်ရွက်သွားမည့် အခြေ အနေကို လည်းကောင်း၊ အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအေးမောင်ကြည်က  ခရိုင်/မြို့နယ်/ကျေးရွာများ အလိုက် ကော်မတီဖွဲ့စည်းမှုနှင့် ဘဏ္ဍာငွေရယူသုံးစွဲ ရမည့်    လုပ်ငန်းဆိုင်ရာ    ညွှန်ကြားချက်များကို လည်းကောင်း တင်ပြဆွေးနွေးသည်။

 

ယင်းနောက် ခရိုင်စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ် မှုအဖွဲ့ ဥက္ကဋ္ဌများက ခရိုင်အတွင်းရှိ မြို့နယ်များ အလိုက်    စိုက်ပျိုးရေး၊   မွေးမြူရေးနှင့်   MSMEs  လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး စီမံဆောင်ရွက် ထားရှိမှုအခြေအနေများ၊   တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက    သက်ဆိုင်ရာ    ကဏ္ဍအလိုက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့် အခြေအနေများကို    ရှင်းလင်းတင်ပြကြရာ   တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

တင်စိုး(ပဲခူး)