ပဲခူး ဩဂုတ် ၁၄
ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်း ပြည့်စုံကောင်းမွန်ရန် အထူးလိုအပ်သဖြင့် သက်ဆိုင်ရာတာဝန်ရှိသူများက အထွက်ကောင်း မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများ၊ စိုက်ပျိုးရေနှင့် ခေတ်မီစိုက်နည်းစနစ်များ ပံ့ပိုးကူညီရန် လိုအပ်သကဲ့သို့ တောင်သူများအနေဖြင့်လည်း သက်ဆိုင်ရာတာဝန်ရှိသူများ၊ စိုက်ပျိုးရေးပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက ယခင်အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ပြီးစီးမှု၊ မိုးသီးနှံစိုက်ပျိုးပြီးစီးမှုနှင့် ဆောင်းသီးနှံလျာထားဧက ပြည့်မီအောင် စိုက်ပျိုးရေးလုပ်ငန်းစီမံချက်ကိုလည်းကောင်း၊ တိုင်းဒေသကြီးအဆင့် စိုက်ပျိုးရေးလုပ်ငန်း ကြီးကြပ်မှုအဖွဲ့ဝင်များက မိုးသီးနှံရာနှုန်းပြည့် စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး လုပ်ငန်းစီမံချက်ကိုလည်းကောင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မိုးသီးနှံများ ရေကြီးနစ်မြုပ်မှုနှင့် ပိုးမွှားရောဂါကြောင့် အထွက်နှုန်းထိခိုက်မှုမရှိစေရေး ကြိုတင်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


