ပဲခူး ၂၁ ဧပြီ
ပဲခူးတိုင်းဒေသကြီးအတွင်း ကြန့်ကြာမှုခင်းများ လျော့နည်းကျဆင်းရေး လုပ်ငန်းညှိနိူင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက တိုင်းဒေသကြီး တရားလွှတ်တော် အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်ရွှေက “တရားရုံးများအနေဖြင့် ကြန့်ကြာမှုခင်းများအား အမြန်ဆုံးပြီးပြတ်စေရန် ဦးစားပေးစစ်ဆေးပေးရမည်ဖြစ်ကြောင်း၊ (၃)နှစ်အထက် ကြန့်ကြာမှုများအား တစ်ပတ်လျှင် တစ်ချိန်း၊ နှစ်ချိန်း ခပ်စိပ်စိပ်ချိန်းပြီး သုံးလအတွင်း အပြီးစစ်ဆေးကြရန် လမ်းညွှန်မှာကြားထားရှိသော်လည်း ကြန့်ကြာမှုခင်းများ လက်ကျန် ကျဆင်းမှုမရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခြင်းဖြစ်ကြောင်း၊ (၁)နှစ်အထက် ကြန့်ကြာမှုများ၊ (၃)နှစ်အထက် ကြန့်ကြာမှုများရှိသည့် တရားသူကြီးများမှ မိမိတို့၏ အခက်အခဲများကို တင်ပြကြရန်လိုကြောင်း၊ အခြားအမှုများထက် ဦးစားပေးစစ်ဆေးခြင်းဖြင့် ကြန့်ကြာမှုများ လက်ကျန်ကျဆင်းမည်ဖြစ်ကြောင်း” ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် တရားသူကြီးများက ကြန့်ကြာမှုများ၊ ကြန့်ကြာရသည့် အကြောင်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပဲခူးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးမောင်မောင်ရွှေက ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ တရားသူကြီးချုပ်၊ ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီး တရားရေးဦးစီးမှူး၊ ခရိုင်တရားသူကြီးများနှင့် တိုင်းဒေသကြီးအတွင်းရှိ တရားရေးအရာရှိများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


