နေပြည်တော် ၂၉ မတ်
လမ်းပန်းဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ၊ သူဌေးကုန်း-ကင်းရွာလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါလမ်းအပိုင်းရှိ မင်္ဂလာမဏ္ဍပ် ၌ ကျင်းပသည်။
အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က ယခု အစိုးရ လက်ထက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ပြည်ထောင်စုလမ်းမကြီး (၁၄၄)လမ်းတွင် ကွန်ကရစ်လမ်း (၃၆၇ မိုင် ၂ ဖာလုံ) ၊ ကတ္တရာလမ်း (၃၃၆ မိုင် ၃ ဖာလုံ) ၊ နိုင်လွန်ကတ္တရာလမ်း (၁၃၂၂ မိုင် ၆ ဖာလုံ)တို့ကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ လမ်းဦးစီးဌာနမှ လမ်းမိုင်ပေါင်း (၂၆၃၁၃ မိုင် ၄ ဖာလုံ) ဖောက်လုပ် ထိန်းသိမ်း ထားလျက်ရှိရာ ပဲခူးတိုင်းဒေသကြီးတွင် လမ်းမိုင် (၁၃၃၉ မိုင် ၄ ဖာလုံ) ဖောက်လုပ်ထားပြီး၂၀၁၆ ခုနှစ်မှ ၂၀၁၈ခုနှစ်အထိ(၂)နှစ်တာ ကာလအတွင်းလမ်းမိုင် (၅၈၀ မိုင် ၄ ဖာလုံ) ကို အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း။
တံတားဦးစီးဌာနမှ မြန်မာနိုင်ငံတစ်နိုင်ငံလုံးတွင် ပေ ၁၈၀ နှင့်အထက် တံတားပေါင်း ၅၅၀ ကျော် တည်ဆောက်ပေးထားပြီး ပဲခူးတိုင်းဒေသကြီးတွင် ၁၈၀ ပေနှင့်အထက် တံတား (၇၆) စင်းတည်ဆောက်ထားပြီးလက်ရှိ(၁၂) စင်းမှာတည်ဆောက်ဆဲဖြစ်ပါကြောင်း။
ကျေးလက်နေ ပြည်သူများသွားလာမှု လွယ်ကူစေရေးအတွက် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ကျေးလက်လမ်းမိုင်ပေါင်း (၅၅၅၀၇) မိုင် ဖောက်လုပ်ထိန်းသိမ်းထားပြီး ပဲခူးတိုင်းဒေသကြီးအတွင်း ကျေးလက်လမ်း (၄၂၁၇) မိုင်ဖောက်လုပ်ထားပြီး (၂)နှစ်တာ ကာလအတွင်း လမ်းမိုင်ပေါင်း (၅၇၄)မိုင်နှင့် တံတား (၂၅၁)စင်းတို့ကို အဆင့်မြှင့်တင် ဆောင်ရွက်ခဲ့ပြီး ဖြစ်ပါကြောင်း။
သက္ကရာဇ် ၂၀၃၀ မှာနိုင်ငံအတွင်းရှိကျေးရွာအားလုံး၏ (၈၀ ရာခိုင်နှုန်း) ကျေးလက်နေ ပြည်သူအားလုံး၏ (၉၀ ရာခိုင်နှုန်း )အတွက် ရာသီမရွေးသွားလာနိုင်သည့် ကျေးလက်လမ်းများရရှိ ရန်နှစ်စဉ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း။
နိုင်ငံတော်မှ ဘဏ္ဍာရန်ပုံငွေ အရင်းအနှီးများဖြင့် ပဲခူးတိုင်းဒေသကြီးဖွံ့ဖြိုး တိုးတက်ရေးအတွက် သာမက ဒေသခံတိုင်းရင်းသားပြည်သူများရဲ့ လူမှုစီးပွားရေး ၊ ကျန်းမာရေး ၊ ပညာရေးနှင့် ကျေးလက်ဒေသများဖွံ့ဖြိုးတိုးတက်ရေးအတွက် တည်ဆောက်ပေးထားသည့် သူဌေးကုန်း-ကင်းရွာ ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းနှင့် ကတ္တရာလမ်းအားရေရှည်တည်တံ့စေရန် ဒေသခံပြည်သူများမှ ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ပေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဝင်းသိန်းက ဒေသဖွံ့ဖြိုးတိုးတက်ရေး အခြေအနေနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်လမ်း ၊ တံတားများအဆင့်မြှင့်တင် ဆောင်ရွက်ပေးမှုတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
၎င်းနောက် ဒေသခံပြည်သူတစ်ဦးက သူဌေးကုန်း - ကင်းရွာလမ်းအားကွန်ကရစ်လမ်းသစ် ဖွင့်လှစ်ပေးသည့်အတွက် ဒေသခံပြည်သူများကိုယ်စား ကျေးဇူတင်ပါကြောင်းနှင့် ကွန်ကရစ်လမ်း ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် သူဌေးကုန်း - ကင်းရွာလမ်းကွန်ကရစ်လမ်းသစ်အား ပြည်ထောင်စု ဝန်ကြီး ဦးဟန်ဇော် ၊ ဝန်ကြီးချုပ် ဦးဝင်းသိန်း ၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ဦးခင်မောင်ရင် ၊ စက်မှု ၊ လျှပ်စစ်နှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းဝင်းနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၊ ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး သူဌေးကုန်း-ကင်းရွာ ကွန်ကရစ်လမ်းသစ်ပေါ်မှ ဖြတ်သန်းကြည့်ရှုသည်။
ယနေ့ဖွင့်လှစ်သည့် သူဌေးကုန်း - ကင်းရွာကွန်ကရစ်လမ်းသစ်သည် အရှည် (၉) မိုင် (၅) ဖာလုံရှိကာမူလကကျောက်လမ်း (၅) မိုင် (၅)ဖာလုံနှင့် ကတ္တရာလမ်း (၄) မိုင်ရှိခဲ့ရာ ယခုအခါ ကွန်ကရစ်လမ်း (၆) မိုင် ၊ ကတ္တရာလမ်း (၃) မိုင် (၅) ဖာလုံတည်ဆောက်ခဲ့ပြီးဖြစ်၍ ကျေးရွာအုပ်စု (၃) အုပ်စု ၊ ကျေးရွာပေါင်း (၂၉) ရွာ၊ အိမ်ခြေ (၂၄၅၂) အိမ်နှင့် လူဦးရေ (၁၅၁၉၉) ဦးကို အကျိုးပြုမှာဖြစ်သလိုဒေသနေပြည်သူများ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသည်နှင့်အမျှ ကုန်စည်စီးဆင်းမှုများ သွက်လက်မြန်ဆန်လာပြီး စီးပွားရေး ၊ ပညာရေး ၊ ကျန်းမာရေး ၊ လူမှုရေးတို့ အဘက်ဘက်မှ ဖွံ့ဖြိုတိုးတက်လာမည်ဖြစ်ကြောင်း သိရှိရသည်။
(သတင်းစဉ်)


