ပဲခူး စက်တင်ဘာ ၃၀
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ ဥဿာမြို့သစ်(၅)ရပ်ကွက်ရှိ စစ်မှုထမ်းဟောင်း အိမ်ရာအတွင်းလမ်းသွယ်(၅) ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လမ်းသွယ်များအားလုံး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ရေး ဘဏ္ဍာနှစ်အလိုက် တင်ပြပေးရန်နှင့် တည်ဆောက်ရေး လုပ်ငန်းများအားလုံး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရေး ကြီးကြပ်ဆောင်ရွက်ရန် ဆွေးနွေးမှာကြားသည်။
ထို့နောက် ဥဿာမြို့သစ်(၅)ရပ်ကွက်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်း၌ ကျောင်းသား ကျောင်းသူများ ကျောင်းတွင်း စာမေးပွဲဖြေဆိုနေမှုကို ကြည့်ရှုအားပေးပြီး ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေး၊ သတ်မှတ်ထားသည့် ကျောင်းသားနှင့် ဆရာအချိုး လုံလောက်မှု ရှိစေရေးနှင့် ခေတ်မီကလေးကစားကွင်းတစ်ခု တည်ဆောက်ပေးရန် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးပြီး ဆရာမများအတွက် ချီးမြှင့်ငွေများ ပေးအပ်သည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးဆောင်မှုဖြင့် အောက်တိုဘာ ၂ ရက်တွင် ပဲခူးမြို့ ရှေးဟောင်းသမိုင်းဝင် ရွှေမော်ဓောစေတီတော်မြတ်ကြီး ယာဉ်ရပ်နားဝင်း၌ MSMEs လယ်ယာသုံးစက်ကိရိယာ ပစ္စည်းထုတ်ကုန်များ ပြပွဲ၊ ပြိုင်ပွဲကျင်းပနိုင်ရေး ကြိုတင် ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ ခင်းကျင်းပြသထား သည့် ဆိုင်ခန်းများနှင့် လယ်ယာသုံးစက်ပစ္စည်းများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ မှာကြားသည်။
အဆိုပါ MSMEs လယ်ယာသုံး စက်ကိရိယာ ပစ္စည်းထုတ်ကုန်များ ပြပွဲ၊ ပြိုင်ပွဲတွင် မြို့နယ် ၂၈ မြို့နယ်မှ ထုတ်လုပ်လျက်ရှိသည့် ကောက်စိုက် စက်ကိရိယာအမျိုးမျိုး၊ စပါးအခြောက်ခံစက်၊ ဘက်စုံသုံး ခြွေလှေ့စက်အမျိုးမျိုး၊ မျိုးစေ့ချစက် အမျိုးမျိုး၊ ပေါင်းလိုက်၊ ပေါင်းရှင်းကိရိယာအမျိုးမျိုး၊ ဆေးဖျန်းစက်အမျိုးမျိုး၊ စပါးသယ်ယူစက်အမျိုးမျိုး၊ နှမ်းပေါင်ကြီးတင်စက်များ၊ မြေဩဇာချစက်များ၊ ကြံစိုက်စက်များ၊ သဘာဝမြေဩဇာနှင့် ပိုးသတ်ဆေး အမျိုးမျိုး စုစုပေါင်း လယ်ယာသုံးပစ္စည်းနှင့် ဆက်စပ်ပစ္စည်း ၁၅၀ ကျော်ကို ဆိုင်ခန်းပေါင်း ၄၄ ခန်းဖြင့် ခင်းကျင်း ပြသသွားမည်ဖြစ်သည့်အပြင် သက်ဆိုင်ရာ ကဏ္ဍအလိုက် ပညာရှင်များ ပါဝင်သည့် အဖွဲ့ဖြင့် အကဲဖြတ် အမှတ်ပေးကာ ဆုရရှိသူများကို ထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းနှင့် ရပ်နီး၊ ရပ်ဝေးမှ လာရောက်လေ့လာကြမည့် တောင်သူများ ကြိုက်နှစ်သက်ပါက ဝယ်ယူနိုင်ရေး စီစဉ်ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)


