နေပြည်တော် စက်တင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်မြို့ ခုတင် ၅၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံကြီး၌ (၃၄)ကြိမ်မြောက် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား လစဉ်ဆေးကုသပေးနေမှု၊ မျက်စိကျန်းမာရေး စောင့်ရှောက်ပေးမှုနှင့် ခွဲစိတ်ကုသပေးမှုတို့ကို ယမန်နေ့က ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီးတို့ သွားရောက်ကြည့်ရှု အားပေးသည်။

ဦးစွာ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေး ဝန်ထမ်းများက စမ်းသပ်စစ်ဆေး ကုသပေးနေမှု၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိ မြို့ဖများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပရဟိတအဖွဲ့အစည်းများက ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးနေမှုတို့ကို ကြည့်ရှုပြီး အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားသည်။

ထို့နောက် မျက်စိဝေဒနာရှင်များအား မျက်စိ ကျန်းမာရေးစောင့်ရှောက်ပေးမှုနှင့် ခွဲစိတ်ကုသပေးမှု တို့ကို ကြည့်ရှုပြီး မျက်စိခွဲစိတ်ကုသမှုခံယူထားသူ ၂၃၅ ဦးတို့ကို ဆေးမျက်မှန်တပ်ဆင်ပေးကာ ကြက်ဥ၊ အချိုရည်နှင့် အာဟာရမုန့်များနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ဂုဏ်ပြုငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)