ယင်းမာပင် ၂၁ ဧပြီ
ဖောငမြှောင်တောင်ပိုးသည် အစေ့ထုတ်ပြောင်းမျိုးများတွင် ဖြစ်ပွားနေသော်လည်း အခြားတန်ဖိုးကြီး သီးနှံများဖြစ်သော ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများတွင်လည်း ဖောငမြှောင်တောင်ပိုး ကျရောက်နိုင်သဖြင့် တောင်သူများ အနေဖြင့် သတိပြုစောင့်ကြည့်ရန်လိုအပ်ကြောင်း ယင်းမာပင်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းထွန်းက ပြောသည်။
“ ဖောငမြှောင်တောင်ပိုးက အစေ့ထုတ်ပြောင်းစိုက်တဲ့ နေရာတွေမှာတော့ အခြားသီးနှံတွေကို မကျနိုင်ဘူး၊ အစေ့ ထုတ်ပြောင်း မရှိတဲ့နေရာတွေမှာတော့ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ မြေပဲ၊ နှမ်း၊ ကုလားပဲ၊ နေကြာ၊ ပဲတီစိမ်း စတဲ့တန်ဖိုးကြီးတဲ့ သီးနှံတွေမှာ ကျမယ်ဆိုရင် ပျက်စီးဆုံးရှုံးမှု ပိုများနိုင်မယ်၊ တစ်နေရာနဲ့ တစ်နေရာကို ကူးစက်နိုင်တယ်၊ အဖျက်စွမ်းအားလည်းကြီးတယ်၊ ပေါက်ဖွားမှုလည်း မြန်တဲ့အတွက် ပိုပြီးကြောက်ရတယ်၊ တစ်နေရာပြီးတစ်နေရာ ကျတာဆိုတော့ ပိုးကျတဲ့ လမ်းကြောင်းတစ်လျှောက်မှာရှိတဲ့ မြို့နယ်တွေက စိုက်ခင်း တွေကို သတိထားစောင့်ကြည့်ရမှာ ဖြစ်တယ်” ဟု ခရိုင်ဦးစီးမှူး ဦးသန်းထွန်းက ပြောသည်။
ဖောငမြှောင်တောင်ပိုး၏ အကြိုက်ဆုံးသီးနှံသည် အစေ့ထုတ်ပြောင်းမျိုးဖြစ်သော်လည်း၊ အခြားသီးနှံ အမြောက်အများတွင်လည်း ကျရောက်နိုင်ရာ ၎င်းသီးနှံများတွင် ပဲမျိုးစုံ၊ မြေပဲ၊ နှမ်း၊ ကုလားပဲ၊ နေကြာနှင့် ပဲတီစိမ်းသီးနှံကဲ့သို့သော တန်ဖိုးမြင့် သီးနှံများလည်း ကျရောက်ပါက ဆုံးရှုံးမှုတန်ဖိုးများနိုင်သဖြင့် သတိပြု စောင့်ကြည့်ရန် လိုအပ်ခြင်းဖြစ်ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


