ပဲတီစိမ်း၊ နွေစပါး၊ မိုးစပါး စီမံကိန်းများအပေါ် သုံးသပ်အဖြေရှာခြင်းနှင့် ဝါသီးနှံ၊ မိုးစပါး စီမံကိန်း လုပ်ငန်းများ ကြိုတင်စီမံဆောင်ရွက်မည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော်၊ ဧပြီ ၁

၂၀၂၃-၂၀၂၄ ခုနှစ် ပဲတီစိမ်း၊ နွေစပါး၊ မိုးစပါးစီမံကိန်း ဆောင်ရွက်ခဲ့မှု အခြေအနေများအပေါ် အားသာချက်၊ အားနည်းချက်များကို သုံးသပ်အဖြေရှာခြင်းနှင့် ဆောင်ရွက်ဆဲဖြစ်သည့် ဆောင်းသီးနှံ၊ နွေစပါး စီမံကိန်းလုပ်ငန်းနှင့် ဆောင်ရွက်ဆဲဖြစ်သည့် ဝါသီးနှံနှင့် မိုးစပါးစီမံကိန်း လုပ်ငန်းများအပေါ် ကြိုတင်စီမံဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်သည့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ ဒုတိယဝန်ကြီး ဦးမြင့်စိုး၊ ညွှန်ကြားရေးမှူးချုပ်များနှင့်တာဝန်ရှိသူများ၊ ဗဟိုသမဝါယမအသင်း၊ တိုင်းဒေသကြီး/ ပြည်နယ် သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများ၊ သမဝါယမအသင်းစုချုပ်များမှ ဥက္ကဋ္ဌများ၊ ဝါစိုက်ပျိုးထုတ်လုပ်သည့် မြို့နယ်များရှိ သမဝါယမ ဦးစီးအရာရှိများနှင့် သမဝါယမ အသင်းစုတို့မှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီး က ယနေ့ ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ပဲတီစိမ်းစိုက်ပျိုးထုတ်လုပ်မှု စီမံကိန်းတွင် တောင်သူများ လိုအပ်သည့် သွင်းအားစုများ ပံ့ပိုးဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် အထွက်နှုန်းများလည်း တိုးတက်လာသည်ကို တွေ့ရှိရပါကြောင်း၊ နွေစပါး စိုက်ပျိုးထုတ်လုပ်မှု စီမံကိန်းတွင်လည်း တောင်သူများလိုအပ်သည့် သွင်းအားစုများ ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့ခြင်းကြောင့် နွေစပါးထွက်ရှိမှုအနေဖြင့် ယခင်နှစ်ထက် တစ်ဧကအထွက်နှုန်း ပိုမိုထွက်ရှိကြသည်ကို တွေ့ရှိရပါကြောင်း၊ မိုးစပါးစိုက်ပျိုး ထုတ်လုပ်မှုစီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့်အတွက် အတွေ့အကြုံများရရှိပြီးဖြစ်ကြောင်း၊ အချို့မှာ ပန်းတိုင်အထွက် နှုန်းပြည့်မီသော်လည်းအချို့မှာ အထွက်နှုန်းလျော့နည်းမှုများရှိသည်ကို တွေ့ရှိရသည့်အတွက် အကြောင်းအရင်းများကို အဖြေရှာရန်လိုအပ်ကြောင်း။

ဆောင်ရွက်ဆဲဖြစ်သည့် နေကြာ၊ နှမ်း၊ မြေပဲ၊ ဆောင်း ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်ရေး စီမံကိန်းနှင့် နွေစပါးစိုက်ပျိုး ထုတ်လုပ်ရေးစီမံကိန်းတို့ကိုလည်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ရယူပြီး သွင်းအားစုများ ပံ့ပိုးဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ အထူးသဖြင့် နေကြာကို စနစ်တကျဖြင့် စိုက်ပျိုးနိုင်ရေး အထွက်နှုန်းတိုးမျိုးကို စိုက်ပျိုးပြီး အမှန်တကယ် လုပ်ဆောင်ပါက အထွက်နှုန်းများ ပိုမိုထွက်ရှိနေသည်ကို တွေ့ရှိရပါကြောင်း။

ဝါစိုက်ပျိုးနိုင်မည့် မြို့နယ်များ၌ ဝါစိုက်ပျိုးသည့် သမဝါယမအသင်းများနှင့် တောင်သူများကို စည်းရုံး၍ သမဝါယမအသင်းများ ဖွဲ့စည်းပြီး အဆိုပါအသင်းသားတောင်သူများပိုင် လယ်ယာမြေ များနှင့် သမဝါယမအသင်းပိုင် လယ်ယာမြေများတွင် ဝါသီးနှံစိုက်ပျိုးနိုင်ရေးစည်းရုံး ဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း၊ ဝါစိုက်ပျိုးရန် လိုအပ်သည့်ပံ့ပိုးငွေများကို နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေမှ ရရှိနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်သည့်အတွက် စီမံကိန်းကို အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ဝါစိုက်ပျိုးနိုင်ရေးအတွက် အထွက်နှုန်းတိုးသည့် ဝါမျိုးစေ့များ အချိန်မီပံ့ပိုးပေးနိုင်ရေး၊ အထွက်နှုန်းတိုးသည့် ဝါမျိုးရရှိနိုင်ရေး ဆောင်ရွက်ပေးရန်နှင့် သွင်းအားစုများကို အသင်းအဖွဲ့များမှ တိုက်ရိုက်ပေးပို့နိုင်ရေး လုပ်ဆောင်ပေးသွားမည်ဖြစ်ပါကြောင်း၊ သတ်မှတ်ထားသည့် အထွက်နှုန်းအတိုင်း ထွက်ရှိရန် လိုအပ်သည့် မျိုး၊ မြေ၊ ရေ၊ နည်းပညာများကို ဖြည့်ဆည်းပေးရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနများနှင့် ချိတ်ဆက်ပြီး စိုက်ကွင်းအရောက် အသိပညာပေး ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်သူရက လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများနှင့် ၂၀၂၃-၂၀၂၄ ခုနှစ် ပဲတီစိမ်း၊ နွေးစပါး၊ မိုးစပါးစီမံကိန်း ဆောင်ရွက်ခဲ့မှုများကို သုံးသပ်ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများက ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်နေသော ဆောင်းသီးနှံ၊ နွေစပါးစီမံကိန်း လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် ဝါသီးနှံနှင့် မိုးစပါး စီမံကိန်းလုပ်ငန်းများအပေါ် ကြိုတင်စီမံဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက သုံးသပ်ဆွေးနွေးကာ ပြည်ထောင်စုဝန်ကြီးက လာမည့်မိုးစပါးရာသီတွင် စုပေါင်းဆောင်ရွက်၊ စုပေါင်းထုတ်လုပ်၊ စုပေါင်းရောင်းချသည့် သမဝါယမစနစ်ဖြင့် လုပ်ဆောင်၍ ပန်းတိုင်အထွက်နှုန်းပြည့်မီအောင် ဆောင်ရွက်ကြရန် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်