ဥပဒေအတွေးရေးပါရစေ အပိုင်း(၂၃၁)
----------------------------------------------
ဦးဟန်ညွန့် (ဥပဒေ)
စိတ်ပေါ့သွပ်သူ၏ ပြုလုပ်မှု
ပြီးခဲ့သောအပတ်က စိတ်ပေါ့သွပ်သူ၏ပြုလုပ်မှုအကြောင်းကို ရေးသားခဲ့ပြီး ဖြစ်သည်။ ဆိုလိုရင်းမှာ ရာဇသတ်ကြီးပုဒ်မ၈၄၏ အဓိကအနှစ်သာရဖြစ်သော စိတ်ပေါ့သွပ်ခြင်းကြောင့် ပြုစဉ်အခါက မိမိ၏ပြုလုပ်မှုသည် မည်သို့သဘော ရှိသည်ကိုလည်းကောင်း၊ မတော်မမှန်သည်ကိုလည်းကောင်း၊ ဥပဒေနှင့် ဆန့်ကျင်သည်ကိုလည်းကောင်း မသိနိုင်သော သူ၏ ပြုလုပ်မှုသည် ပြစ်မှု မမြောက်ဟု ပြဋ္ဌာန်းထားခြင်းပင် ဖြစ်သည်။
ကာကွယ်ခုခံပိုင်ခွင့်
ယခုအပတ်တွင် စိတ်ပေါ့သွပ်သူ(Person of Unsound mind) စသည် တို့၏ ပြုလုပ်မှုကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်အကြောင်းကို ဆွေးနွေး တင်ပြလိုပါသည်။
ရာဇသတ်ကြီးပုဒ်မ ၉၈
ပုဒ်မ ၉၈ တွင်ပြုလုပ်မှုတစ်ခုသည် အသက်ငယ်ခြင်း၊ အမြော်အမြင်၊ အဆင်အခြင် မပြည့်စုံသေးခြင်း၊ စိတ်ပေါ့သွပ်ခြင်း၊ မူးယစ်ခြင်း၊ ကြောင်းခြင်း ရာ အမှန်မသိခြင်း တစ်ခုခုကြောင့်သာ ထိုပြုလုပ်မှုကို ပြုသူအတွက် ပြစ်ဒဏ် မထိုက်သော်လည်း မည်သူမဆို ထိုပြုလုပ်မှုကို တားဆီးရန် ပြစ်မှုမြောက်သော ပြုလုပ်မှုဖြစ်ဘိသကဲ့သို့ ကာကွယ်ခုခံပိုင်ခွင့်ရှိသည်ဟူ၍ဖြစ်သည်။
ဥပမာ
(က) မောင်မဲသည် ရူးသွပ်နေခိုက် မောင်ဖြူကို သတ်မည်ဟု အားထုတ် ၏။ မောင်မဲ၌ အပြစ်မရှိ။ သို့ရာတွင် မောင်မဲ မရူးသွပ်လျှင် မောင်ဖြူမှာ ကာကွယ်ခုခံပိုင်ခွင့်ရှိသကဲ့သို့ ဤကိစ္စတွင်လည်း ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။
(ခ) မောင်ဖြူသည် ဥပဒေနှင့်အညီ ဝင်ခွင့်ရှိသော အိမ်တစ်အိမ်ထဲသို့ ညဉ့်အခါ ဝင်ရောက်၏။ မောင်မဲက မောင်ဖြူကို အိမ်ဖောက်ထွင်း သူဖြစ်မည်ဟု သဘောရိုးနှင့်ထင်၍ မောင်ဖြူအား အန္တရာယ်ပြု၏။ ဤတွင် မောင်မဲမှာ ကြောင်းခြင်းရာ အမှန်ကို မသိခြင်း ကြောင့် မောင်ဖြူအား အန္တရာယ်ပြုသော်လည်း၊ ပြစ်မှုကျူးလွန်ရာမရောက်၊ သို့ရာတွင် မောင်မဲသည် ကြောင်းခြင်းရာအမှန်ကို သိလျက်နှင့် အန္တရာယ်ပြုဘိသကဲ့သို့ မောင်ဖြူမှာ မောင်မဲ၏ အန္တရာယ်ပြုခြင်း ကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်ရှိသည်။
အနှစ်သာရ
ရာဇသတ်ကြီးပုဒ်မ ၉၈ သည် ကာကွယ်ခုခံပိုင်ခွင့်အကြောင်းကို ရေးသား ထားခြင်းဖြစ်ကြောင်း အလုပ်သင်ရှေ့နေမောင်ပျင်းရိတို့အဖွဲ့ နားလည် နိုင်ပါသည်။ ရာဇသတ်ကြီးပုဒ်မ ၉၈ သည် စိတ်ပေါ့သွပ်သူ၊ အသက်ငယ်ရွယ်သူ၊ ဆင်ခြင်ဉာဏ်မပြည့်သူနှင့် သူတစ်ပါးတိုက်ကျွေး၍ မူးယစ်သူတို့၏ ပြုလုပ်မှု သည် ပြစ်မှုမမြောက်ကြောင်းနှင့် ၎င်းတို့၏ပြုလုပ်မှုကို ကာကွယ်ခုခံပိုင်ခွင့် ရှိကြောင်း ပြဋ္ဌာန်းချက်ဖြစ်သည်ကိုလည်း မောင်ပျင်းရိတို့အဖွဲ့ သိရှိနိုင်ပါသည်။
ကာကွယ်ခုခံပိုင်ခွင့်မရှိသည့်ပြုလုပ်မှုများ
မောင်ပျင်းရိတို့အနေနှင့် ရာဇသတ်ကြီးပုဒ်မ ၉၉ ကိုလည်းဆက်လက် လေ့လာသင့်ပါသည်။ ရာဇသတ်ကြီးပုဒ်မ ၉၉ ၏အဓိပ္ပာယ်မှာ-
သေဘေးဖြစ်စေရန်သော်လည်းကောင်း၊ အပြင်းအထန်နာကျင်စေရန် သော်လည်းကောင်း စိုးရိမ်လောက်ဖွယ်ရာအကြောင်းယုတ္တိမရှိသော ပြုလုပ်မှု ကို ပြည်သူ့ဝန်ထမ်းက ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် သဘောရိုးနှင့်ပြုလုပ်လျှင် သို့မဟုတ် ပြုလုပ်ရန် အားထုတ်လျှင် ထိုသို့ပြုလုပ်ခြင်း၊ အားထုတ်ခြင်း တစ်ခုခုမှာ ဥပဒေအရ ပြုပိုင်ခွင့်အတိအကျမရှိသော်လည်း ထိုပြုလုပ်မှု၊ အားထုတ်မှုတစ်ခုခုကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်မရှိ။
သေဘေးဖြစ်စေရန်သော်လည်းကောင်း၊ အပြင်းအထန်နာကျင်စေရန် သော်လည်းကောင်း စိုးရိမ်လောက်ဖွယ်ရာအကြောင်း ယုတ္တိမရှိသော ပြုလုပ်မှု ကို ပြည်သူ့ဝန်ထမ်းက ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် သဘောရိုးနှင့်ညွှန်ကြားသည့်အတိုင်း တစ်ဦးတစ်ယောက်က ပြုလုပ်လျှင် သို့မဟုတ် ပြုလုပ်ရန် အားထုတ်လျှင် ထိုညွှန်ကြားချက်မှာ ဥပဒေအရပြုပိုင်ခွင့် အတိအကျမရှိ သော်လည်း ထိုပြုလုပ်မှုကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့်မရှိ။
ပြည်သူ့ဝန်ထမ်း အာဏာပိုင်တို့ထံမှ အကာအကွယ် အစောင့်အရှောက် ရနိုင်ရန် တိုင်တန်းခွင့်အချိန်ရှိသည့် ကိစ္စများတွင် ကာကွယ်ခုခံပိုင်ခွင့်မရှိ။
ကာကွယ်ခုခံပိုင်ခွင့်ကို မည်မျှဆောင်ရွက်နိုင်ခြင်း
ကာကွယ်ခုခံရာတွင် ကာကွယ်ခုခံသော သဘောဖြင့် ဘေးအန္တရာယ်ပြုရန် လိုအပ်သည်ထက် ပို၍ပြုခွင့်မရှိ။
ရှင်းလင်းချက် ၁။ ပြည်သူ့ဝန်ထမ်းအဖြစ်ဖြင့် ပြုသော သို့မဟုတ် ပြုရန် အားထုတ်သောသူသည် ပြည်သူ့၀န်ထမ်းဖြစ်သည်ဟု အပြုခံရသူက မသိလျှင် သို့မဟုတ် ယုံကြည်ရန်အကြောင်းမရှိလျှင် ထိုသူသည် ထိုပြည်သူ့ဝန်ထမ်း ၏ပြုလုပ်မှုကို သို့မဟုတ် အားထုတ်မှုကို တားဆီးရန် ကာကွယ်ခုခံ ပိုင်ခွင့်ရှိ သည်။
ရှင်းလင်းချက် ၂။ ပြုသူသည် ပြည်သူ့ဝန်ထမ်းတစ်ဦးက ညွှန်ကြား ချက်အရ ပြုသည်ကိုသော်လည်းကောင်း၊ အားထုတ်သည်ကိုသော်လည်း ကောင်း အပြုခံရသူက မသိလျှင် သို့မဟုတ် ယုံကြည်ရန် အကြောင်းမရှိလျှင် သို့မဟုတ် မည်သည့်အာဏာအရ ပြုကြောင်းကို ပြုသူက မပြောမဆိုလျှင် သို့မဟုတ် အာဏာကို စာဖြင့် ပေးထားရရှိပါလျက် ထိုစာကို တောင်းဆိုသည့် အခါ မပြလျှင် အပြုခံရသူသည် အဆိုပါပြည်သူ့ဝန်ထမ်း၏ ညွှန်ကြားချက်အရ ပြုသည်ကို သို့မဟုတ် အားထုတ်သည်ကို တားဆီးရန် ကာကွယ်ခုခံပိုင်ခွင့် ရှိသည်။
အထက်ပါ ရှင်းလင်းချက်များကို ဖတ်ရှုခြင်းဖြင့် ကာကွယ်ခုခံပိုင်ခွင့်၏အတိုင်းအတာကို သိရှိနိုင်ပါမည်။ စီရင်ထုံးများလည်းရှိပါသည်။ မောင်ပျင်းရိ တို့အဖွဲ့ မပျင်းမရိဘဲ ဆက်လက်ဖတ်ရှုလေ့လာစေချင်ပါသည်။ မရှင်းလင်း သည့်အချက်များရှိလျှင် မေးမြန်းနိုင်ပါသည်။
ရာဇသတ်ကြီးပုဒ်မ ၉၉ အနှစ်သာရ
ကာကွယ်ခုခံပိုင်ခွင့်ကို အသုံးပြု ရာ၌ ပုဒ်မ ၉၉ အရ ကန့်သတ်ထား သည်။ ဤပုဒ်မ၏ ပထမပိုဒ်နှင့် ဒုတိယပိုဒ်တို့မှာ ပြည်သူ့ဝန်ထမ်းများ နှင့်သက်ဆိုင်ပြီး တတိယနှင့်စတုတ္ထ အပိုဒ်တို့သည် အများပြည်သူနှင့် သက်ဆိုင်သည်။
ကာကွယ်ခုခံပိုင်ခွင့်၏သဘော
ကာကွယ်ခုခံပိုင်ခွင့်သည်၊ အတိုင်းအတာမရှိသည့် အခွင့်အရေး မဟုတ် ပေ။ ကာကွယ်ခုခံပိုင်ခွင့်ကို အသုံးချရာ၌ ဤပုဒ်မက ကန့်သတ်ချုပ်ချယ် ထားသည်။ ဤပုဒ်မကို အကြမ်းအားဖြင့် နှစ်ပိုင်းခွဲခြားနိုင်သည်။ ပထမနှင့် ဒုတိယအပိုဒ်တို့မှာ ပြည်သူ့ဝန်ထမ်းများနှင့် သက်ဆိုင်ပြီး၊ တတိယနှင့် စတုတ္ထအပိုဒ်များသည် ပြည်သူတစ်ရပ်လုံးနှင့် အကျုံးဝင်သည်။ ပြည်သူ့ ဝန်ထမ်းတစ်ဦးနှင့် စပ်လျဉ်းသော ပြုလုပ်မှုသည်သဘောရိုးဖြင့် ပြုခြင်းလည်း ဖြစ်ရမည်။ ပြည်သူ့ဝန်ထမ်းအနေဖြင့်လည်း ပြုခြင်းဖြစ်ရမည်။ တိကျစွာ မဟုတ်သော်လည်း ဥပဒေအရ ပြုပိုင်ခွင့်လည်းရှိရမည်။ သို့မှသာ ဤပုဒ်မနှင့် အကျုံးဝင်မည်ဖြစ်သည်။
ဤခေါင်းစဉ်အောက်တွင် သဘောရိုး၊ သေဘေးနှင့် အပြင်းအထန် နာကျင်မှု၊ ပြုပိုင်ခွင့်အတိအကျမရှိခြင်းအကြောင်းများ ဆက်လက်လေ့လာ သင့်ပါသည်။
သဘောရိုးဆိုသည်မှာ ထိုက်သင့်သော သတိနှင့် စိတ်အာရုံစိုက်ကာ ပြုခြင်းကိုဆိုလိုသည်။ စေတနာကောင်းဖြင့်သော်လည်းကောင်း၊ ဖြောင့်မတ်စွာ သော်လည်းကောင်း ပြုရမည်ဟု အဓိပ္ပာယ်သက်ရောက်ခြင်းမရှိ။ သို့ရာတွင် ပြည်သူ့ဝန်ထမ်းအနေဖြင့် တာဝန်ကို ဥပဒေနှင့်အညီ သတိဝီရိယရှိရှိပြုမှသာ ပထမအပိုဒ်နှင့် အကျုံးဝင်မည်ဖြစ်သည်။ ဥပမာ- သက်တမ်းကုန်နေသည့် ဝရမ်းဖြင့် ပစ္စည်းကိုဖမ်းလျှင်၊ ယင်းသို့ဖမ်းသော ပြည်သူ့ဝန်ထမ်းသည် သဘောရိုးဖြင့် ပြုသည်ဟုဆိုနိုင်မည် မဟုတ်ချေ။ အလားတူပင် အမျိုးသမီး တစ်ဦးအား အာမခံပေးနိုင်သည့် ၀ရမ်းကို အတည်ပြုရာ၌ အာမခံပေးနိုင် ကြောင်း ထုတ်ဖော်ပြောပြခြင်း မပြုသည်သာမက အာမခံပေးရန် အခွင့် အရေးမပေးသည့် ပြည်သူ့၀န်ထမ်း၏ ပြုလုပ်မှုသည် သဘောရိုးဖြင့် ပြုသည် ဟုဆိုရန် ခဲယဉ်းမည်ဖြစ်သည်။
စေတနာ
မောင်ပျင်းရိ လေ့လာသိရှိလိုသော ပြစ်မှုမမြောက်သော ကာကွယ်ခုခံ ပိုင်ခွင့်အကြောင်း အကျဉ်းမျှရှင်းပြပေးခြင်းပါ။ အကျယ်ကို ဆက်လက်လေ့လာ စေလိုကြောင်း တွေးခေါ်မိသော ကျွန်တော်၏စေတနာ ဥပဒေအတွေး မျှသာပါ... ။ ။
မြန်မာ့အလင်း


