ပုလော ၁၈ ဧပြီ
နှစ်စဉ်ကျင်းပပြုလုပ်မြဲဖြစ်သော ပုလောမြို့နယ်ရှိ ပါဒစက်တော်ရာ(ခြေတော်ရာ)ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကို (၁၅၀)ကြိမ်မြောက်အဖြစ် ဧပြီ ၁၈ ရက်နေ့(မြန်မာနှစ်ဆန်း(၂)ရက်နေ့) နံနက်(၈)နာရီအချိန်က စည်ကား သိုက်မြိုက်စွာ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ပါဒစက်တော်ရာဘုရားသည် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလမြို့၊ စက်တော်ရာကျေးရွာ မြိတ်-ထားဝယ် ပြည်ထောင်စုလမ်းမကြီး နံဘေးတွင်တည်ရှိကာ ပလစက်တော်ရာဟု လူသိများခဲ့သော ကမ္ဘာလှတောင် စက်တော်ရာဘုရားသည် ပလမြို့အနောက်ဘက် (၂)မိုင်ခန့်ကွာဝေးပြီး ပုလောမြို့နယ် တောင် ဘက် (၁၆)မိုင်ခွဲခန့် ကွာဝေး၍ ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း(၄၂၈၀)ခန့်ရှိတည်ရှိသည်။
သမိုင်းမှတ်တမ်းများအရ ကမ္ဘာလှတောင်ကို ရသေ့တောင်ဟု အမည်တွင်ခဲ့ရာမှ မြတ်ဗုဒ္ဓ၏ ခြေတော်ရာကို စတင်တွေရှိခဲ့သည့်အချိန်မှစ၍ ဒေသခံများက စက်တော်ရာတောင်ဟူ၍လည်းကောင်း၊ ဘုရားတောင် ဟူ၍ လည်းကောင်း ခေါ်တွင်လာကြရာမှ တောင်ခြေအနီး၌ နေထိုင်ကြသော ကရင်လူမျိုးများက ကမ္ဗလတောင်ဟု ခေါ်ဆိုကြသည်။ တောင်နှင့်မြောက် စီးဆင်းနေသော ချောင်းကိုအစွဲပြု၍ ကမ္ဗလတောင်ဟုခေါ်တွင်လာရာမှ ယခုအခါ ကမ္ဘာလှတောင်ဟူ၍ အဆင့်ဆင့် အမည်ခေါ်တွင်လာခဲ့ကြောင်း ဘုရားဂေါပကအဖွဲ့မှ သိရသည်။
“ထူးထူးခြားခြားအနေဖြင့် ဘုရားခြေတော်ရာထဲတွင် မနှစ်က စေတနာရှင်တစ်ဦးလှူဒါန်းခဲ့တဲ့ ရွှေ(၃)ကျပ် နှင့် ဘုရားဂေါပကအဖွဲ့များကို လာရောက်လှူဒါန်းခဲ့တဲ့ နားကတ် (၃)စုံ၊ ရွှေလက်စွပ်(၁)ကွင်းကို ဘုရားစိန်ဖူးတော် တွင် ဌာပနာပြီး ထည့်သွင်း လှူဒါန်းမည်ဖြစ်တယ်။ ပါဒစက်တော်ရာ ဗုဒပူဇနိယဘုရားပွဲတော်တွင် ဒေသခံများအတွက် တောင်ခြေမှ တောင်ပေါ်အထိ ဆိုင်ခန်းပေါင်း (၂၀ဝ)တိတိကို အခမဲ့ပြုလုပ်ပေးထားပါတယ်။ ဘုရား ပွဲတော်ကို (၁၅)ရက်တိုင်တိုင် ကျင်းပသွားပါမည်” ဟု ဘုရားဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်ညိုက ပြောသည်။
ဗုဒ္ဓပူဇနိယပွဲတော်ကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တ ဝိမလကန်သာ ကျောင်းတိုက်ဆရာတော် အမှူးပြုသော ဆရာတော် သံဃာတော်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ ဗုဒပူဇနိယပွဲတော်ဖွင့်လှစ်ခြင်းအထိမ်းအမှတ်အဖြစ် ဒေသခံများ၊ စေတနာရှင်များက ဆရာတော် သံဃာတော် အပါး(၉၀)အား ဆွမ်းဆန်စိမ်းလောင်းလှူပူဇော်ခဲ့ကြသည်။
ပလမြို့ ပါဒစက်တော်ရာ စေတီတော်ဘုရားပွဲတော်ကို နှစ်ဆန်း(၂)ရက်နေ့မှစတင်၍ (၁၅)ရက်တိုင်တိုင် နှစ်စဉ်နှစ်တိုင်း စည်းကားသိုက်မြိုက်စွာ ကျင်းပမည်ရာ၌ ဒေသထွက် ငပိ၊ ရှပ်သီအခြောက်၊ ဓနိခမောက်များ၊ ဓနိပျားရည်များနှင့် သစ်သီးဝလံများအား ရောင်းချလျက်ရှိသည်။ ဘုရားပွဲတော်ကာလတွင် ပလမြို့အနီးဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူများအပြင် မြန်မာနိုင်ငံအနှံ့အပြား အနယ်နယ်အရပ်ရပ်မှ၊ ဘုရားဖူးဧည့်သည် များနှင့် ဈေးရောင်းသူ၊ ဈေးဝယ်သူများဖြင့် စည်ကားလျက်ရှိသည်။
ထူးဝေယံ(ပြန်/ဆက်)


