ပျော်ဘွယ် ၂၂ ဇန်နဝါရီ
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းခရိုင် ပျော်ဘွယ်မြို့နယ်တွင် ဇန်နဝါရီ ၂၁ရက် ည ၇နာရီ မိနစ် ၄၀ ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး နေအိမ် ၁၉ လုံး မီးလောင်ဆုံးရှုံးကာ မီးဘေးသင့်ပြည်သူများအား ကယ်ဆယ်ရေးစခန်း ဖွင့်ထားခဲ့ရကြောင်း ပျော်ဘွယ်မီးသတ်စခန်းမှ သိရသည်။
ဇန်နဝါရီ ၂၁ ရက် ည ၇နာရီ ၄၃ မိနစ်က ပျော်ဘွယ်မြို့နယ် မန္တလေးတန်းရပ်ကွက်တွင် မီးလောင်နေ ကြောင်းသတင်းအရ ပျော်ဘွယ်မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး အောင်သက်လှိုင်ဦးစီးသော မီးသတ် တပ်ဖွဲ့ဝင်များမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂စီး၊ မီးသတ်စက်ယာဉ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၅ ဦး၊ ပြည်သာယာနယ်မြေ မီးသတ်စခန်းမှ ဒုမီးသတ်ဦးစီးမှူး အောင်ချမ်းဦးစီး မီးငြိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ မီးသတ်တပ်ဖွဲဝင် ၆ ဦး တို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ မီးလောင်မှု ကြီးမား နေသည့်အတွက် ယင်းတော်နယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး စည်သူငွေစိုးဦးစီး၍ မီးသတ်ရေသယ်ယာဉ် ၁ စီး၊ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၅ ဦး၊ ပေပင်လေးအမြန်လမ်း မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး တင်ထွန်းအောင် ဦးစီး၍ မီးသတ်ရေသယ်ယာဉ် ၁စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၃ ဦး၊ ရန်အောင်နယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဟိန်းမင်းထွဋ် ဉီးစီး၍ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၆ ဦး၊ ရမည်းသင်းခရိုင် မီးသတ် စခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ခင်ဆင့် ဦးစီးသော မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ် ယာဉ် ၁ စီး၊ အထောက်အကူပြုယာဉ် ၁ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၁၆ ဦး တို့အား အကူအညီခေါ်ယူ စုစုပေါင်း မီးငြှိမ်းသတ်ယာဉ် ၆ စီး၊ မီးသတ်ရေသယ်ယာဉ် ၇စီး၊ မီးသတ်စက်ယာဉ် ၁ စီး မီးသတ်အထောက်အကူပြုယာဉ် ၁ စီး၊ မီးသတ်သေန္ဓတပ်ဖွဲ့ဝင် ၅၁ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ၃၀ ပူးပေါင်း၍ ရေဂါလန် ၄၁၀ဝ၀ အသုံးပြုကာ မီးငြှိမ်းသတ်ခဲ့ရာ ည ၉ နာရီ ၇ မိနစ်တွင် မီးလုံးဝငြိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။
မီးလောင်မှုအကြောင်းရင်းအား စုံစမ်းစစ်ဆေးရာ ဦးကျော်ဝင်း-ဒေါ်ယဉ်သိန်းနွဲ့ ပိုင်ဆိုင်သည့် ၄၅×၁၈ ပေ နှစ်ထပ် လူနေအိမ် ဘုရားစဉ်ပေါ်တွင် ၂၄ နာရီပတ်လုံး ဘုရားမီးပူဇော်ထားသော လျှပ်စစ်ရောင်စုံ မီးကုံး သုံးကုံး အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် အိမ်ခြေ ၁၉ လုံးမီးလောင်ကျွမ်းခဲ့ကာ ကျား ၆၀ မ ၆၈ စုစုပေါင်း ၁၂၈ ဦး မီးဘေးသင့်ခဲ့ကြောင်း ပျော်ဘွယ်မြို့နယ် မီးသတ်တပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မီးဘေးသင့်ပြည်သူများထဲတွင် ကျောင်းသားကျောင်းသူ ကျား ၅ ဦး၊ မ ၁၀ဦး စုစုပေါင်း ၁၅ ဦး ပါဝင်ကြောင်း ပျော်ဘွယ်မီးသတ်ဦးစီးမှူး ဦးအောင်သက်လှိုင်ထံမှ သိရသည်။
မီးလောင်မှုကြောင့် အိမ်ထောင်စု ၂၂ စုမှ လူဦးရေ ကျား ၆၀ ဦး မ ၆၈ ဦး မီးဘေးသင့်ကာ မီးဘေးဒုက္ခရောက်ခဲ့ကာ အဆိုပါ မီးဘေးဒုက္ခရောက်သူများထဲမှ မန္တလေးတန်းရပ်ကွက် နယ်မြေ ၂ နေ ဦးဝင်းမောင် ၅၅ နှစ် မှာ ရင်ဘက်မီးလောင်ဒဏ်ရာရရှိခဲ့ပြီး မိတ္ထီလာပြည်သူ့ဆေးရုံကြီးသို့ (အတွင်းလူနာ - မစိုးရိမ်ရ) တက်ရောက် ကုသလျက်ရှိကြောင်း ပျော်ဘွယ်မြို့နယ်မီးသတ်တပ်ဖွဲ့ ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယခုအချိန်တွင် မီးဘေးသင့် ပြည်သူများအား ပျော်ဘွယ်မြို့နယ် မန္တလေးတန်းရပ်ကွက် လေးကျွန်းမာန်အောင် ဓမ္မာရုံတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ကာ ကူညီဆောင်ရွက်လျက်ရှိကြောင်း အစိုးရ အဖွဲ့တာဝန်ရှိသူများ ဌာနဆိုင်ရာ တာဝန်ရှိသူများ ဒေသခံများမှ ငွေကြေးနှင့် စားနပ်ရိက္ခာများ ထောက်ပံ့လျက်ရှိပြီး မီးဘေးသင့်ပြည်သူများမှာ နေအိမ်ဆုံးရှုံးမှုများဖြစ်ပေါ်၍ များစွာအကူအညီ လိုအပ်နေကြောင်း ပျော်ဘွယ်မီးသတ်ဦးစီးမှူးက ပြောသည်။
ဘိုဘို(မလှိုင်)


