“ပြောကြမယ်" အစီအစဉ်ကနေပြီး အိမ်အတွင်း အဖိအနှိပ်ခံဘဝတွေကို ရင်ဖွင့်ဖို့ ပြောကြားလိုက်သည့် MYJUSTICE သံတမန် သရုပ်ဆောင် ဇဏ်ခီ

၁၃  ဒီဇင်ဘာ 

 

ဥရောပသမဂ္ဂမှ ပံ့ပိုးပြီး ၊ ဗြိတိသျှကောင်စီမှ အကောင်အထည်ဖော်ဆောင်ရွက်ပေးနေသော   MyJustice စီမံကိန်း၏ ဦးဆောင်မှုဖြင့် ပြည်သူလူထုကြား တရားမျှတမှုဆိုင်ရာ ၊ ပြောဆိုဆွေးနွေးမှုများ ဖြစ်လာစေရန် ရည်ရွယ်ချက်ဖြင့် ယခုလ (၁၀) ရက်နေ့တွင် ကျရောက်ခဲ့သော ကမ္ဘာ့လူ့အခွင့်အရေးဆိုင်ရာနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်  မြန်မာနိုင်ငံတွင် လူသိထင်ရှားသော သရုပ်ဆောင်တစ်ဦးဖြစ်လာသည့် သရုပ်ဆောင် ဇဏ်ခီကို စီမံကိန်း၏ သံတမန်တစ်ဦးအဖြစ် ခန့်အပ်ခဲ့ကြောင်း သိရသည်။  

 

"အထူးသဖြင့် လူ့အသိုင်းအဝိုင်းမှာ အလုပ်ကိုယ်စီလုပ်ကြတဲ့အခါ၊ နိုင်ထက်စီးနင်းမှုတွေ ဗိုလ်ကျမှုတွေ အများကြီးရှိကြမှာပါ၊ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှုတွေပေါ့၊ လင်မယားကြား၊ ဆွေးမျိုးအသိုင်းအဝိုင်းကြားတွေမှာ အကြမ်းဖက်စော်ကားမှုတွေ အများကြီးရှိနေကြမှာပါ၊ ဒီလိုအကြမ်းဖက် ခံရတာတွေ၊ လုပ်ငန်းခွင်မှာ အနိုင်ကျင့်ခံစားမှုတွေ ခံနေရတာတွေကို ဒီကနေတစ်ဆင့် ကျွန်တော်တို့ ပြောဆိုနိုင်ကြပါတယ်၊ ဒီလိုပဲ ကိုယ့်နေတဲ့ရပ်ကွက်၊ လူနေမှုပတ်ဝန်းကျင်နေရာမျိုးတွေမှာ မတရားမှု ခံစားနေရသူတွေ ရှိမှာပါ၊ တစ်ချို့လူတွေက အပြင်မှာ လူလူချင်း အကူအညီသွားမတောင်းရဲကြဘူး၊ အဲ့လို မတောင်းရဲဘူးဆို အဲ့လိုဟာမျိုးဆို ကျွန်တော်တို့ " ပြောကြမယ်" ဆိုတဲ့ အစီအစဉ်ကနေတစ်ဆင့် ပြန်လည်ဖြေကြားပေးမှာပါ၊ ကျွန်တော်တို့ တိုင်းပြည်မှာက အဲ့လို နိုင်ထက်စီးနင်းပြုတဲ့သူတွေကို ဘယ်လိုတည်ဆဲဥပဒေတွေ ထားရှိတယ်ဆိုတာ သိတဲ့သူက နည်းပါးတယ်၊ ဒါတွေကိုလည်း ဖြေကြားပေးမှာပါ။ ကျွန်တော့်အနေနဲ့  MyJustice ရဲ့ သံတမန်အဖြစ် ခန့်အပ်ခံရတာကို ဂုဏ်ယူဝမ်းသာပါတယ်၊ ဘာလို့လည်းဆို အများပြည်သူ အကျိုးကို အနုပညာနဲ့ ကိုယ်တတ်စွမ်းသလောက် ကူညီနိုင်လိုပါပဲ  နောက်ထပ်ပြောချင်တာကတော့ လူထုကြား ရေပန်းစားနေတဲ့ မီဒီယာကနေတစ်ဆင့်  လူထုအသိပညာပေး လုပ်ငန်းတွေကို ဆထက်ထမ်းပိုး ပေးအပ်စေချင်ပါတယ်။ အဲ့ဒါကြောင့်လည်း MyJustice မှာပါဝင်ဖြစ်ခဲ့တာပါ။ ပိုမိုကောင်းမွန်တဲ့ လူအဖွဲ့အစည်းတစ်ခု အဖြစ်ဖြစ်ပေါ်လာစေဖို့ ကျွန်တော်အပါအဝင် အားလုံးလက်တွဲ ပါဝင်စေချင်ပါတယ်" ဟု သရုပ်ဆောင် ဇဏ်ခီက ပြောဆိုသည်။ 

 

" ပြောကြမယ် " ဟု အမည်ပေးထားသော ခေါင်းစဉ်အောက်တွင် MyJustice အနေဖြင့် လူထုအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ စီမံကိန်းအဖြစ် ၂၀၁၈ ခုနှစ် နိုဝင်ဘာလ မှစတင်ပြီး လူထုအသိပညာပေးကြော်ငြာများ၊ ဥပဒေရေးရာဆွေးနွေးပွဲများ၊ တီဗွီ၊ ရေဒီယို နှင့် လူမှုကွန်ရက်စာမျက်နှာ Facebook ကနေတစ်ဆင့်၊ ထုတ်လွှင့်တင်ဆက်ပေးခဲ့ကြောင်း၊ ယင်းအပြင် ၂၀၁၈ ခုနှစ် နှစ်ဆန်းပိုင်းကလည်း အခြားအခြားသော မိတ်ဖက်အဖွဲ့အစည်းများနှင့် အတူ ပူးပေါင်းပြီး၊ လူကြိုက်များခဲ့သော " နေရယ် လရယ် အမှန်တရားရယ် " ရုပ်သံဇာတ်လမ်းတွဲ ဒုတိယပိုင်း ရိုက်ကူးမှုတွင်လည်း ပါဝင်ခဲ့ကြောင်း ၊ အဆိုပါ ဒုတိယမြောက် ဇာတ်လမ်းတွဲကို မြေဝိုင်းပြဇာတ် ပုံစံအဖြစ် ပြန်လည်ဖန်တီးပြီး ဥပဒေပညာပေးပြဇာတ်အဖြစ် မြန်မာနိုင်ငံ အနှံ့အပြားတွင် လိုက်လံကပြဖျော်ဖြေ အသိပညာပေးသွားရန် စီစဉ်ထားကြောင်း သိရသည်။  

 

အဆိုပါ MyJustic စီမံကိန်းသည်  မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသော မြေယာအငြင်းပွားမှုဆိုင်ရာ၊ မှုးယစ်ဆေးဝါး ကုန်ကူးမှု၊ အမျိုးသမီးများ အကြမ်းဖက်ခံရမှုများကို မြန်မာပြည်တွင် တရားစီရင်ရေးစနစ်ကို ပြည်သူများသိရှိနားလည်စေရန် ရည်ရွယ်ပြီး လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းအစီအစဉ်ကို စိတ်ဝင်စားသူများအနေဖြင့် MyJustic ဟု Facebook Page ၊  Website တို့တွင်ဝင်ရောက်ကြည့်ရူ ဆွေးနွေးပြောကြားနိုင်ကြောင်း သိရသည်။ MyJustic ကို ၁၉၃၄ ခုနှစ်တွင်စတင်တည်ထောင်ခဲ့ပြီး အင်္ဂလိပ်စာ၊ ယဉ်ကျေးမှုဆိုင်ရာ၊ ပညာရေးနှင့် လူမှုရေးရာများကို  နှစ်စဉ်လူဦးရေ သန်း(၂၀) ကျော်နှင့် မျက်နှာချင်းဆိုင် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

 

ကိုလင်း