ပြောင်းစိုက်ခင်းများ၌ ငမြှောင်တောင်ပိုးကျရောက်မှုအ္တရာယ်နှင့် ကာကွယ်နှိမ်နင်းမှုထိရောက်ရေး ဂရုပြုအလေးထားရန်အချက်များ

mdn

သတင်းဆောင်းပါး - ဒေါက်တာမူမူကျော်(စိုက်သုဦးစီးဌာန)

ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဧရာဝတီတိုင်းဒေသကြီး မြို့နယ်တချို့ရှိ ပြောင်းစိုက်ခင်းများတွင် ငမြှောင်တောင်ပိုး (Fall Armyworm) ဖျက်ပိုးအများအပြား ကျရောက်ခဲ့ခြင်းကြောင့် ပြောင်းစိုက်ခင်းများ ပျက်စီးမှု ပြင်းထန်စွာ ခံခဲ့ရပါသည်။အဆိုပါ ပိုးမှာ အစားကျူးဖျက်ပိုးဖြစ်ပြီး အပင်များကို ကိုက်ဖြတ်ဖျက်ဆီးမှု မြန်ဆန်လှသဖြင့် ပိုးကျရောက်သည်ကို သိလျှင်သိခြင်း ချက်ချင်းနှိမ်နင်းမှုပြုရန် လိုအပ်သကဲ့သို့ နှိမ်နင်းရာ တွင်လည်း လုံးဝကင်းစင်ပျောက်ကွယ်သွားအောင် နှိမ်နင်းရန်ခက်ခဲသောကြောင့် ပိုးကျပြီဆိုသည်နှင့် ပျက်စီး ဆုံးရှုံးမှု အနည်းနှင့်အများ ကြုံတွေ့ရမည်ဖြစ်ပါသည်။ နိုင်ငံတကာတွင်လည်း ယခုဖျက်ပိုးကို လုံးဝ ပျောက်ကွယ်သွားသည်အထိ နိုင်နိုင်နင်းနင်း နှိမ်နင်းနိုင်ခြင်း မရှိသေးသည်ကို တွေ့ရပေသည်။

ငမြှောင်တောင်သည် အစုံစားသည့် လိပ်ပြာမျိုးရင်းဝင်ပိုးတစ်မျိုးဖြစ်ပြီး မြက်ပင်များ၊ ပဲပင်၊ နှံစားပြောင်းနှင့် ပြောင်းအပါအဝင် သီးနှံမျိုးစုံ ၈၀ ခန့်ကို စားသောက်ဖျက်ဆီးနိုင်ပါသည်။ ငမြှောင်တောင်ပိုး၏ ဘဝစက်ဝန်းကို လေ့လာ သည့်အခါ ဖလံအမသည် ဥများကို အစုလိုက် ဥသည်။ ဥမြုံတစ်ခုတွင် ဥအရေ အတွက် ၅၀ မှ ၁၅၀ ခန့်အထိပါပြီး နူးညံ့သော အမွေးများဖြင့် ဖုံးအုပ်ထားတတ်သည်။ ဥပြီး ငါးရက်မှ ခုနစ်ရက်အကြာတွင် လောက်ကောင်များပေါက်လာပြီး ပြောင်းပင်၏အလယ် အရွက်လိပ်အတွင်းသို့ ဝင်ရောက်ကာ အရွက် တစ်သျှူးများကို စားသောက်ဖျက်ဆီးသည်။ လောက်ကောင်ကြီးများကို အလယ်ရွက်လိပ်ထဲတွင် သူတို့စွန့်ပစ် သည့် အဝါရောင်အညစ်အကြေးများအောက်၌ တွေ့ရမည်ဖြစ်၏။ ပြောင်းဖူးများထွက်ချိန်တွင်မူ အရွက်မှအဖူးသို့ ကူးပြောင်းဖျက်ဆီးသည်ကို တွေ့ရသည်။ 

စိုးရိမ်ဖွယ် အနေအထား 

စိုက်ပျိုးရေး သုတေသနဦးစီးဌာနမှ သတင်းရလျှင်ရချင်း ပိုးမွှားပညာရှင်အစု အဖွဲ့က ပိုးကျရောက်ရာ ဧရာဝတီတိုင်းဒေသကြီးသို့ ချက်ချင်းသွားရောက်ခဲ့ပါသည်။ စိုက်ခင်းများအတွင်း ကွင်းဆင်း၍ တောင်သူများနှင့် ထိတွေ့ကာ ပိုးမွှားကာကွယ် နှိမ်နင်းရေး ပညာပေးမှုများ ပြုလုပ်ခဲ့ကြသည့်အပြင် ကာကွယ်နှိမ်နင်းရေးလုပ်ငန်း စဉ်များတွင် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြပါသည်။ 

ယခုစိုက်ပျိုးရာသီတွင် ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ အစေ့ထုတ်ပြောင်း စိုက်ဧက တစ်သိန်းလေးသောင်းကျော်ရှိရာ ဧကတစ်သိန်းသုံးသောင်းကျော်တွင် ငမြှောင်တောင်ပိုးများ ကျရောက်ခဲ့ သဖြင့် အလွန်စိုးရိမ်ဖွယ်အနေအထားကို မြင်တွေ့ရပါသည်။ ပိုးကျရောက်မှုမှာ မအူပင်၊ ညောင်တုန်း၊ ပန်းတနော်၊ ဓနုဖြူ၊ ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ၊ မြန်အောင်၊ ကြံခင်း၊ အင်္ဂပူ၊ ဝါးခယ်မ၊ သာပေါင်း၊ ကျောင်းကုန်း၊ ကျုံပျော်နှင့် ရေကြည် စသည့် မြို့နယ်အများအပြား ပါဝင်နေသဖြင့် ယင်းပိုးမှာ ဧရာဝတီတိုင်းတစ်တိုင်းလုံးနီးပါး ပျံ့နှံ့သွားခဲ့သည်ဟုပင် ဆိုရမည် ဖြစ်ပါသည်။ 

ကျွန်မတို့ သုတေသနပညာရှင်အဖွဲ့သည် ပြောင်းစိုက်ပျိုးမှု အများဆုံးဖြစ်ပြီး ပိုးကျရောက်မှု အပြင်း ထန်ဆုံးလည်းဖြစ်သည့် ဇလွန်မြို့နယ်သို့ ရောက်ရှိခဲ့သည်။ ဇလွန်မြို့နယ်တွင် အစေ့ထုတ်ပြောင်း ၂၃၇၈၁ ဧကနှင့် ဖူးစားပြောင်း ၁၀၉၂ ဧကအထိ စိုက်ပျိုးထားကြောင်း စိုက်ပျိုးရေးဦးစီးဌာနစာရင်းအရ သိရသည်။ ထိုသို့ကွင်းဆင်းဆောင်ရွက်မှု တွေ့ရှိသိမြင်ရသမျှအပေါ်တွင်မူတည်၍ ပြောင်း စိုက်ပျိုးတောင်သူများအနေဖြင့် ပိုးမွှားကာကွယ်နှိမ်နင်းခြင်းနှင့် ပတ်သက်ပြီး အထူးသတိပြု ဆောင်ရွက်သင့်သည့်အချက်များကို ယခု ဆောင်းပါး၌ အဓိကထား တင်ပြသွားလိုပါသည်။ 

ဧရာဝတီတိုင်းဒေသကြီး၌ ပြောင်းစိုက်ပျိုးထားမှုမှာ တစ်ချိန်တည်း တစ်ပြိုင် တည်းစိုက်ပျိုးထားခြင်း မဟုတ်သည့်အတွက် ယခုပိုးကျရောက်ချိန်၌ စိုက်လက်စ အပင်ငယ်အရွယ်မှ အဖူးထွက်ရှိနေသည့်အရွယ်အထိ အပင်အရွယ်စုံရှိနေသည်ကို တွေ့ရသည်။ ထို့အတူ ငမြှောင်တောင်ပိုးမှာလည်း ဥအဆင့်၊ လောက်ကောင် အဆင့်နှင့် ဖလံအဆင့်အထိ ကြီးထွားမှုအဆင့်ဆင့်ကို တွေ့ရှိနေရပါသည်။ ထိုအချက်က ပိုးများမှာ တစ်နှစ်ပတ်လုံး အစာကွင်းဆက်မပြတ်ရရှိနေပြီး ဧက ထောင်ချီရှိနေသည့် တစ်ဆက်တစ်စပ်တည်းစိုက်ခင်း အတွင်း တစ်ကွက်မှတစ်ကွက် ကူးကာ ရှင်သန်နေနိုင်မည်ဖြစ်သဖြင့် အမြစ်ပြတ်အောင်နှိမ်နင်းရန် ခက်ခဲနိုင် ပါသည်။ ထို့ကြောင့် တစ်ဆက်တစ်စပ်တည်းစိုက်ပျိုးသည့် စိုက်ဧရိယာအားလုံးတွင် ပြောင်းသီးနှံကို တစ်ချိန်တည်းတစ်ပြိုင်တည်း စိုက်ပျိုးကြရန် တောင်သူများကို ပညာပေးပြီး လိုအပ်သလို စိုက်ချိန်သတ်မှတ် ထိန်းညှိဆောင်ရွက်သွားရန် လိုအပ်ပါလိမ့်မည်။ 

ပိုးလောက်ကောင်ကြီးအဆင့်တွင် ပြောင်းဖူးအမိတ်များကို ဖြတ်၍ ပြောင်း အူတိုင်အတွင်း ဝင်ရောက်ကာ ပိုးရုပ်ဖုံးအဆင့် ကူးပြောင်းပြီး ဖလံကောင်အဆင့် တွင် အောက်ခြေအရွက်များကြား ပုန်းအောင်းနေတတ်ခြင်း စသည်တို့ကြောင့်လည်း ပိုးသတ်ဆေးဖျန်းနှိမ်နင်းရာတွင် ထိရောက်ရန် အခက်အခဲရှိနေတတ်ပါသည်။

mdn

ထို့ကြောင့် ပြောင်းစိုက်တောင်သူများသည် ပိုးမကျမီကပင် မိမိစိုက်ခင်း များကို အမြဲစောင့်ကြည့်နေသင့်ပြီး အရွက်များကို စားသောက်ဖျက်ဆီးထားသည့် လက္ခဏာများ စတင်တွေ့ရှိချိန်နှင့် လောက်ကောင်များ ငယ်ချိန်တွင် စောစီးစွာ နှိမ်နင်းနိုင်ရန် လိုအပ်ပါသည်။ ပြောင်းခင်းရှိ အပင်များ၏ ၅ ရာခိုင်နှုန်း (အပင်၂၀ တွင် တစ်ပင်) ၌ ဥမြုံတွေ့ရှိလျှင် (သို့) ဖျက်ဆီးခံထားရသည့် အပင် ၂၅ ရာခိုင်နှုန်းတွေ့လျှင် နှိမ်နင်းခြင်းပြုလုပ် ရန်လိုအပ်မည်ဟု ယေဘုယျမှတ်ယူနိုင်ပါသည်။ ပိုးလောက်ကောင်များသည် အရွက်လိပ် အတွင်း နက်နဲစွာ ထိုးဝင် စားသောက်ခြင်း၊ ၎င်းတို့စွန့်ပစ်သည့် မစင်များဖြင့် ဖုံးထားခြင်းတို့ကြောင့် ပိုးသတ် ဆေးဖျန်း နှိမ်နင်းခြင်းတွင် ထိရောက်ရန် အခက်အခဲတစ်ရပ် ဖြစ်ပါသည်။ ထို့ကြောင့် ပိုးလောက်ကောင်များ အဖူးအတွင်း မဝင်မီနှင့် အရွက်လိပ်အတွင်း ပြောင်းစိုက်ခင်းများ၌ ငမြှောင်တောင်ပိုးကျရောက်မှု အန္တရာယ်နှင့် ကာကွယ် နှိမ်နင်းမှုထိရောက်ရေး ဂရုပြုအလေးထားရန်အချက်များ မဝင်မီ ဆေးပက်ဖျန်းနှိမ်နင်းရန် အလွန်ပင် အရေးကြီး လှပါသည်။ 

လက်ရှိအနေအထားအရ ပြောင်းစိုက်တောင်သူများမှာ အသုံးပြုရသည့် ပိုးသတ်ဆေးဈေးနှုန်းများ ကြီးမြင့်နေခြင်း၊ ဆေးဖျန်းပုံးအရေအတွက် အလုံ အလောက်မရှိခြင်း၊ ဆေးဖျန်းလုပ်သားရှားပါးခြင်းတို့အပြင် အပင်တန်းစိပ်နေ၍ လူဝင်ရောက်ဆေးဖျန်းရန် ခက်ခဲခြင်း၊ အပင်သက်တမ်း သုံးလသားခန့်ရှိသည့် အပင်များမှာ ခြောက်ပေကျော်အထိမြင့်နေ၍ လူနှင့်ပက်ဖျန်းရန် မဖြစ်နိုင်ခြင်း စသည့် အခက်အခဲများ ရှိနေခဲ့ပါသည်။ အဆိုပါအခက်အခဲကို အဘက်ဘက်မှ ထောက်ပံ့ကူညီပေးနေခဲ့ရပြီး ဒရုန်းများအသုံးပြု၍ ဆေးပက်ဖျန်းမှုများ လုပ်ဆောင် ပေးနေခဲ့ရပေသည်။ ဒရုန်းဖြင့် ဆေးဖျန်းမှုမှာ Droplet size ပျံ့နှံ့မှုရှိသော်လည်း ရွက်ဖုံးနှင့် ရွက် ကတော့အတွင်း ဝင်ရောက်ပုန်းအောင်းနေသည့် ပိုးလောက်ကောင် ကြီးများမှာ ပိုးသတ်ဆေးနှင့် ထိတွေ့နိုင်ရန်အခွင့်အလမ်း နည်းပါးမည်ဖြစ်သည်ကို သတိပြုရပါဦးမည်။ 

အချုပ်အားဖြင့်ဆိုရလျှင် ငမြှောင်တောင်ပိုးကို ကောင်းစွာနှိမ်နင်းပြီး လာမည့်စိုက်ပျိုးချိန်တွင်ပါ တစ်ဖန်ပြန်လည် ကျရောက်မှု မဖြစ်ပေါ်စေနိုင်ရေးမှာ လွန်စွာအရေးကြီးလှပါသည်။ ထို့ကြောင့် မဖြစ်မနေလုပ်ဆောင်သင့်သည့် အချက် များကို အကြံပြုတိုက်တွန်းလိုပါသည်။ 

ကာကွယ်နှိမ်နင်းနည်း 

အစာကွင်းဆက်ဖြတ်တောက်နိုင်ရန် အတွက် ယခု ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အတွင်း စိုက်ပျိုးထားသည့် အပင်ငယ် ပြောင်းစိုက်ခင်းများအားလုံးကို ဖျက်ဆီးပစ်ရန်၊ ပိုးကျရောက်ခဲ့သော စိုက်ခင်းများတွင် အဖူးဆွတ်ခူးပြီးသည့်အခါ မြေကြီးထဲ ရှိ ရုပ်ဖုံးများသေစေရန် ထယ်ထိုးပေးခြင်း၊ အပင်အကြွင်းအကျန်များကို မီးရှို့ပေးခြင်းတို့ ပြုလုပ်ရန်၊ ပိုးအရေအတွက်နှင့် ပိုးပေါက်ဖွားမှု ဆက်လက်များပြားပြန့်ပွားနိုင်ခြေရှိသဖြင့် ရာသီချိန်နောက်ပိုင်းကာလတွင် အစေ့ထုတ်ပြောင်း စိုက်ပျိုးမှုမပြုလုပ်ရန်၊ ပိုးသတ်ဆေးဖျန်းနှိမ်နင်းရာတွင် အပင်အတွင်းပိုင်းအတွင်း နေထိုင်စားသောက်နေသော ပိုးကောင်များကိုပါ ထိရောက်စေရန် ထိသေစား သေဆေးအပြင် ပင်လုံးပြန့်အာနိသင်ရှိသော ပိုးသတ်ဆေးများကို ပိုးအရေအတွက်ပေါ်မူတည်ပက်ဖျန်းရန်၊ ငမြှောင်တောင်ပိုး (FAW) ၏ ဘဝစက်ဝန်းအရ ၃၀ ရက်မှ ၃၅ ရက်အတွင်း ကြာမြင့်သည်ဖြစ်ရာ ဖလံသည် ညထွက်ကောင်ဖြစ်သဖြင့် မီးရောင်ထောင်ချောက်များကို ညစဉ်ညတိုင်းထွန်းညှိပေးရန်။

အထက်ပါအချက်များမှာ လက်ရှိ ပိုးကျရောက်နေမှုနှင့် နိုင်ငံ၏ လက်ရှိအနေအထားအရ လုပ်ဆောင်သင့်သည့် အချက်များကို ယေဘုယျအားဖြင့် အကြံပြုခြင်းသာ ဖြစ်ပါသည်။ ဖြစ်နိုင်မည်ဆိုပါက နိုင်ငံတကာ စိုက်ပျိုးရေးအဖွဲ့အစည်းများ၏အကူအညီကိုရယူပြီး ဟိုမုန်းဖြင့် ဖလံများကို ဆွဲဆောင်ကာ ဖမ်းဆီးသည့် Pheromone Trap ကိုပါ အသုံးပြုနှိမ်နင်းမည်ဆိုပါက ပိုမိုကောင်းမွန်မည်ဟု ယူဆမိပါသည်။ ငမြှောင်တောင်ပိုးမှာ အများအပြား ကျရောက်ပြီဆိုသည်နှင့် ထိခိုက်ဆုံးရှုံးမှု များသည့်အပြင် အမြစ်ပြတ် နှိမ်နင်းရန် ခက်ခဲတတ်သည်ဖြစ်ရာ အထူးဂရုပြု၍ မျက်ခြည်မပြတ် စောင့်ကြည့်ကာကွယ်နှိမ်နင်းရန် လိုအပ်မည် ဖြစ်ကြောင်း တိုက်တွန်းတင်ပြလိုက်ရပါသည်။ ။