ဒေါက်တာခင်မာဌေး(စိုက်ပျိုးရေးသုတေသနဦးစီးဌာန)

 

ယနေ့ မြန်မာနိုင်ငံတွင် လက်ရှိလူဦးရေမှာ ၅၄ ဒသမ ၆၅ သန်းရှိပြီး တိုးတက်လာမည့် လူဦးရေနှင့်အညီ စားနပ်ရိက္ခာလိုအပ်ချက်သည်လည်း တိုးလာမည်ဖြစ်သည်။ ထို့အတူ ရေသယံဇာတ အရင်းအမြစ်များသည် ရာသီဥတုဖောက်ပြန်မှုနှင့် လူအများ၏ ဘက်စုံသုံးစွဲမှုကြောင့် တဖြည်းဖြည်း လျော့နည်းလာပြီး ရေရှားပါးမှုကို ကြုံတွေ့ဖွယ်ဖြစ်လာသည်။ ရေရှားပါးမှုဖြစ်လာလျှင် စားနပ်ရိက္ခာထုတ်လုပ်မှုကို ထိခိုက်စေနိုင်ရုံသာမက စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ၏ ဝင်ငွေကိုလည်း လျော့ပါးထိခိုက်စေမည်ဖြစ်သည်။


ရာသီဥတုပြောင်းလဲခြင်းကြောင့် သဘာဝအရင်းအမြစ် ရေရှိနိုင်မှု အကန့်အသတ်ဖြစ်ပေါ်နေခြင်းနှင့် အပင်များ မျိုးသုဉ်းပျောက်ကွယ် ပျက်စီးခြင်းတို့ကြောင့် မိုးခေါင်မှုများ ဖြစ်ပေါ်နေပြီဖြစ်ရာ စပါးစိုက်ခင်းများတွင်လည်း စိုက်ပျိုးရေ အကြိမ်ကြိမ် သွင်းပေးရခြင်းကြောင့် ကုန်ကျစရိတ်ကြီးမားခြင်း၊ တစ်ဧက ဝင်ငွေအကျိုးအမြတ် နည်းပါးခြင်းတို့ကို သုတေသီများက နည်းလမ်းမျိုးစုံဖော်ထုတ်၍ ဖြေရှင်းရမည်ဖြစ်သည်။


စိုက်ပျိုးရေကို ချွေတာသုံးစွဲသော နည်းစနစ်

သုတေသနပြု ဖော်ထုတ်ရာတွင် မည်သည့်သီးနှံမဆို ခံနိုင်ရည်ရှိသည့် မျိုးကို ဖော်ထုတ်ရေးနှင့် စိုက်ပျိုးနည်းစနစ်များ ဖော်ထုတ်ရေးသည် အဓိက အရေးကြီးပါသည်။ ယခုအခါတွင် စိုက်ပျိုးရေကို အကျိုးရှိရှိ ချွေတာသုံးစွဲသော နည်းစနစ်ဖြစ်သည့် ရေစိုတစ်လှည့် ခြောက်တစ်ခါ ရေထိန်းစနစ် (Alternate Wetting and Drying-AWD)ကို စိုက်ပျိုးရေးသုတေသနဦးစီးဌာနတွင် ဖော်ထုတ်ရရှိခဲ့သည်။ ဤနည်းစနစ်သည် တစ်ဧက စပါးအထွက်နှုန်းကို မထိခိုက် စေဘဲ ရေလိုအပ်မှုအနည်းဆုံးဖြင့် စိုက်ပျိုးနိုင်သည့် နည်းစနစ်ဖြစ်သည်။

 

ဤနည်းစနစ်သည် စပါးစိုက်ခင်း၌ ရေပေးသွင်းရာတွင် စိုက်ခင်းရေ လျော့နည်းတိုင်း ရေပေးသွင်းရမည့်အစား ရေတိုင်းကိရိယာ(Field Water Tube)ကိုသွင်း၍ မြေမျက်နှာပြင်အောက် ခြောက်လက်မအနက်တွင် ရေမရှိမှ ရေကို တစ်ဖန်ပြန်လည်သွင်းပေးခြင်း ဖြစ်သောကြောင့် အလိုအပ်ဆုံးအချိန် ရောက်မှသာ ရေပေးသွင်းသည့် စနစ်ဖြစ်သည်။


တောင်သူလယ်သမားများအနေဖြင့် ရေတိုင်းကိရိယာကို အရှည် ၁၄ လက်မခန့်နှင့် အကျယ် ခြောက်လက်မ သို့မဟုတ် ရှစ်လက်မ အချင်းရှိသည့် PVC ပလတ်စတစ်ပိုက် သို့မဟုတ် ဝါးလုံးပိုက်များဖြင့် ပြုလုပ်နိုင်ပြီး ပိုက်ကို စိုက်ခင်း တမန်းမြေတွင် မြေမျက်နှာပြင်အောက် ရှစ်လက်မ မြှုပ်၍ မြေပေါ်တွင် ခြောက်လက်မ ဖော်ထားရမည်။ ပိုက်လုံး၏ မျက်နှာပြင်၌ ရေစိမ့်ဝင် နိုင်ရန် အချင်း ၀ ဒသမ ၂၅ လက်မခန့်ရှိသည့် အပေါက်များကို ၀ ဒသမ ၇၅ လက်မခြား၍ ဖောက်ထားပေးရမည်။ ဤနည်းစနစ်ဖြင့် ရေသွင်းခြင်းသည် တောင်သူများ၏ သမားရိုးကျနည်းကဲ့သို့ စိုက်ခင်း၌ ရေလျော့နည်းတိုင်း ရေသွင်းစရာမလိုခြင်းကြောင့် လုပ်အားခ ချွေတာနိုင်ပြီး ကုန်ကျစရိတ်လည်း သက်သာစေသည်။


ရေတစ်ကြိမ်နှင့် တစ်ကြိမ်သွင်းရန် လိုအပ်သည့်ကာလသည် မြေအမျိုး အစားနှင့် ရာသီဥတုအပေါ် မူတည်၍ သုံးရက်မှ ခုနစ်ရက်အထိ ထားရှိနိုင် သဖြင့် ရေပေးသွင်းရမည့်အကြိမ်နှင့် စုစုပေါင်း သွင်းရေပမာဏကို လျော့နည်း စေသည်။ တောင်သူ သမားရိုးကျ ရေထိန်းစနစ်ထက် စိုက်ပျိုးရေကို ၁၈ မှ ၂၃ ရာခိုင်နှုန်းအထိ သက်သာစေပြီး ရေကို လျော့နည်း၍ သုံးစွဲရသော်လည်း စပါးအထွက်နှုန်းကို ထိခိုက်ခြင်းမရှိသော နည်းစနစ်ဖြစ်သည်။


ယခုအခါတွင် ဖိလစ်ပိုင်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ဆန်စပါး သုတေသန ဌာန(IRRI)နှင့် ပူးပေါင်း၍ ဆည်ရေသောက် လယ်စပါးများတွင် ရေထိန်းစနစ် များဖြစ်သည့် (၁)မြေမျက်နှာပြင်အောက် ခြောက်လက်မအနက်ရောက်မှသော် လည်းကောင်း၊ (၂)မြေမျက်နှာပြင်အောက် ၁၀ လက်မ အနက်ရောက်မှသော် လည်းကောင်း၊ (၃)မြေမျက်နှာပြင် အောက် ၁၂ လက်မ အနက်ရောက်မှ သော်လည်းကောင်း ရေမရှိမှ ရေတစ်ဖန် ပြန်လည်သွင်းပေးခြင်းကို ရေတိုင်း ကိရိယာများသုံး၍ သုတေသနပြု ဆောင်ရွက်ခဲ့ရာတွင် စပါးအထွက်နှုန်းကို မထိခိုက်စေသည့်အပြင် တောင်သူများ၏ သမားရိုးကျ ရေထိန်းစနစ်ထက် စိုက်ပျိုးရေကို ၂၀ မှ ၂၅ ရာခိုင်နှုန်းခန့် ချွေတာနိုင်ကြောင်း လက်တွေ့ တွေ့ရှိခဲ့ သည်။


အောက်ဖော်ပြပါဇယားသည် သီးထပ်ရင်စပါး၏ ရေထိန်းစနစ်အလိုက် စုစုပေါင်းသုံးစွဲသည့် ရေပမာဏနှင့် အထွက်နှုန်းကို ဖော်ပြထားခြင်းဖြစ်သည်။

 

သီးထပ်ရင်စပါး၏ ရေထိန်းစနစ်အလိုက်

အထွက်နှုန်းနှင့် ရေသုံးစွဲမှုမှတ်တမ်း

 

1+

 

စပါးခင်းများအတွက် ရေကို အချိန်အခါမရွေး သွင်းရန်လွယ်ကူသော ဒေသများ၌ ရေထိန်းစနစ်ဖြစ်သည့် မြေမျက်နှာပြင်အောက် ခြောက်လက်မအနက် ရေမရှိမှ ရေတစ်ဖန်ပြန်လည်သွင်းပေးခြင်းဖြင့် လုပ်အားခ သက်သာစေပြီး စိုက်ပျိုးရေကို ချွေတာနိုင်သောကြောင့် စိုက်ပျိုးကုန်ကျစရိတ် သက်သာစေသည်။ ၎င်းအပြင် ဤရေထိန်းစနစ်သည် စိုက်ခင်းအတွင်း ရေလိုအပ်မှ ရေသွင်းရသဖြင့် ဆည်ရေကို အားကိုးနေရသော ဒေသများအတွက် လက်ရှိ လှောင်ရေပမာဏနှင့်ပင် စိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်မည်ဖြစ်သည်။


ရေရရှိရန်ခက်ခဲသောဒေသများ၊ ရေရှားပါးသောဒေသများ၌ ရေထိန်းစနစ်ဖြစ်သည့် မြေမျက်နှာပြင်အောက် ၁၀ လက်မအနက် ရေမရှိမှသော်လည်း ကောင်း၊ မြေမျက်နှာပြင်အောက် ၁၂ လက်မအနက် ရေမရှိမှသော်လည်းကောင်း ရေတစ်ဖန် ပြန်လည်သွင်းပေးခြင်းဖြင့် အထွက်နှုန်းကို မထိခိုက်စေခြင်းကြောင့် ရေရရှိရန်နေရာနှင့်ဝေးသော စပါးစိုက်လယ်များအတွက် သင့်လျော်သော ရေထိန်းစနစ်များဖြစ်သည်။


၎င်းအပြင် ဤရေထိန်းစနစ်ကြောင့် စပါးပင်၏ ပြင်ပရုပ်သွင်လက္ခဏာများ၊ အပင်ဇီဝကမ္မဆိုင်ရာ လက္ခဏာများ၊ အထွက် မိတ်ဖက်လက္ခဏာများကိုလည်း ထိခိုက်မှုမရှိကြောင်း တွေ့မြင်ခဲ့ရသည်။ AWD ရေထိန်းစနစ် အခြေအနေကို လိုက်၍ ရေသွင်းရမည့်အကြိမ်(Frequency)နှင့် ရေတစ်ကြိမ်နှင့်တစ်ကြိမ် သွင်းရမည့်ကာလ (Interval)များရှိသဖြင့် မြေအောက်ရေကို အားကိုးရသော မြစ်ရေတင်ဒေသများအတွက် ကုန်ကျစရိတ်သက်သာ စေသည့်အပြင် စပါးစိုက် ဧကကို တိုးချဲ့စိုက်ပျိုးနိုင်သောကြောင့် မိုးခေါင်၍ ပူပြင်းခြောက်သွေ့သော ဒေသများအတွက် သင့်တော်သော ရေထိန်းစနစ် နည်းပညာဖြစ်သည်။


အောက်ဖော်ပြပါဇယားသည် ရေထိန်းစနစ်အလိုက် သဲဆန်သောမြေတွင် သွင်းရမည့်အကြိမ်နှင့် ကွာဟသော ကာလကို ဖော်ပြခြင်းဖြစ်သည်။

 

စမ်းသပ်ချက်အလိုက် ရေသွင်းရမည့်ကာလ(Interval)နှင့် အကြိမ်(Frequency) မှတ်တမ်း(သဲဆန်သောမြေ)

 

2+

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 


ဤရေထိန်းစနစ် တစ်မျိုးမျိုးကို အသုံးပြုမည်ဆိုလျှင် လိုအပ်ချက်များမှာ

(၁) စိုက်ကွက်မြေမျက်နှာပြင် ညီညာရမည်။

(၂) ကန်သင်းကောင်း၍ ကန်သင်းလုံရမည်။

(၃) သမန်းကောင်းရမည်။

(၄) ပေါင်းမြက်များ အချိန်အခါမီ ကာကွယ်နှိမ်နင်းရမည်။

(၅) ရေသွင်းရေထုတ်မြောင်းများ ကောင်းရမည်။

(၆) ပန်းမပွင့်ခင်နှင့် ပန်းပွင့်ပြီးတစ်ပတ် ရေအနက် နှစ်လက်မခန့် ထိန်းထားရမည်။

 

ဤရေထိန်းစနစ်ကို အသုံးပြုမည်ဆိုပါက စိုက်ပျိုးရေကို ချွေတာနိုင်သည့် အပြင် ဖန်လုံအိမ်ဓာတ်ငွေ့(Green House Gas)ထွက်ရှိမှုကိုလည်း လျှော့ချနိုင် မည်ဖြစ်သည်။ ၎င်းအပြင် စိုက်တန်းကြား လေဝင်လေထွက်ကောင်းစေပြီး စပါးပင်အတွက် လိုအပ်သော အာဟာရဓာတ်ရရှိနိုင်မှုကို တိုးတက်စေကာ အမြစ်ဖွဲ့စည်းမှု အားကောင်းလာသဖြင့် အပင်ယိုင်လဲမှုကိုလည်း ကာကွယ်နိုင်သည်။ စိုက်ခင်းမြေကို အလှည့်ကျ အခြောက်ခံထားခြင်းဖြင့် မလိုလား အပ်သော ပင်ပွားများထွက်ရှိမှုကို ဟန့်တားနိုင်ပြီး စိုက်ခင်းရှိ အနှံပါပင်ပွားများကို အားကောင်းစေ၍ စပါးအထွက်နှုန်းကို ပိုမိုမြင့်မားစေနိုင်သည်။


သို့ဖြစ်ပါသောကြောင့် ရာသီဥတုပြောင်းလဲလာခြင်း၏ ဆိုးကျိုးများကို လျော့နည်းသက်သာစေရန် စပါးခင်းများတွင် တောင်သူသမားရိုးကျနည်းအတိုင်း ရေအမြဲထိန်းထားရန် မလိုအပ်သော ရေစိုတစ်လှည့် ခြောက်တစ်ခါ ရေထိန်းစနစ်(AWD)ကို အသုံးပြုသင့်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီး ဌာန၏ လက်တွေ့စမ်းသပ် တွေ့ရှိချက် များနှင့်အတူ သတင်းကောင်းပါးလိုက်ရပါသည်။     ။