ပေါက်မြို့နယ်၌ ပညာရေးဆိုင်ရာအဆောက်အဦ ၂၃၄ ခုကို အခြေခံပညာဦးစီးဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲကျင်းပ

ပေါက်  ၁၃   နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ပေါက်မြို့နယ်အတွင်း လူထုဗဟိုပြု စီမံကိန်း ထောက်ပံ့ရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ပညာရေးဆိုင်ရာအဆောက်အဦ ၂၃၄ ခုကို အခြေခံပညာ ဦးစီးဌာနသို့ လွှဲပြောင်း ပေးအပ်ပွဲကို နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ပေါက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ COVID-19 ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ပေါက်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးရဲထွန်းဝင်းနှင့် ပေါက်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်တို့က အဖွင့်အမှာစကား ပြောကြားပါသည်။

 

ဆက်လက်၍ ပေါက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့် ပညာရေးဆိုင်ရာ အခြေခံအဆောက်အဦများ လွှဲပြောင်းပေးအပ်ရခြင်း ရည်ရွယ်ချက် နှင့် ပညာရေးဆိုင်ရာ အဆောက်အဦများဖြစ်သော စာသင်ကျောင်းဆောင် တိုးချဲ့ပြုပြင်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းလင်းပြောကြားပါသည်။

 

ထို့နောက် လူထုဗဟိုပြုစီမံကိန်း ထောက်ပံ့ရန်ပုံငွေများဖြင့် အကောင် အထည်ဖော်ဆောင်ရွက်ခဲ့သည့် ပညာရေးဆိုင်ရာအဆောက်အဦ ၂၃၄ ခုနှင့် ပတ်သက်သည့် အချက်အလက်နှင့် အထောက်အထား စာရွက်စာတမ်းများကို လွှဲပြောင်းပေးအပ်ရာ အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူး ဦးမြင့်ဌေးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည် ပြောကြားပါသည်။

 

ပေါက်မြို့နယ်အတွင်း လူထုဗဟိုပြုစီမံကိန်းဖြင့် ပထနှစ်စက်ဝန်းနှင့် ဒုတိယနှစ်စက်ဝန်းတွင် ပညာရေးဆိုင်ရာ အဆောက်အဦ ၁၁၄ ခုကို စီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် ၈၆၁ ဒသမ ၄၆ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၃၅ ဒသမ ၅၆ သန်း စုစုပေါင်းငွေကျပ် ၈၉၇ ဒသမ ဝ၂ သန်းဖြင့်လည်းကောင်း၊ ဒုတိယနှစ်စက်ဝန်းနှင့် တတိယနှစ်စက်ဝန်းတွင် ပညာရေးဆိုင်ရာအဆောက်အဦ ၁၂၀ ခုကို စီမံကိန်းထောက်ပံ့ ရန်ပုံငွေကျပ် ၁၄၂၅ ဒသမ ၁၈ သန်း၊ ပြည်သူထည့်ဝင်ငွေ ၁၅၂ ဒသမ ၁၈ သန်း စုစုပေါင်း ၁၅၇၇ ဒသမ ၃၆ သန်းဖြင့်လည်းကောင်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း ပေါက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့် ထံမှ သိရသည်။

 

သန်းလွင်(မကွေး)