ပေါင်းတည်  ၂၃  ဒီဇင်ဘာ

 

ပဲခူးတိုင်းဒေသကြီး ပေါင်းတည်မြို့၌ ယနေ့ နံနက် ၁ နာရီခွဲခန့်က မီးဖို မီးကြွင်းမီးကျန်မှတစ်ဆင့် နေအိမ်သို့ မီးကူးစက် လောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည်။

 

5

 

ဖြစ်စဉ်မှာ ပေါင်းတည်မြို့ မင်းကွက် (၁)ရပ်ကွက် စည်ပင်ဝန်းလမ်းဘေးရှိ မဆွေယဉ်မွန် (၃၃)နှစ်၏  နေအိမ် မီးဖိုဆောင်တွင် ဝက်စာကျိုထားသော မီးကြွင်းမီးကျန်မှတစ်ဆင့် ကပ်လျက်ရှိသော ဝါးထရံအား မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

 

မီးလောင်မှု ဖြစ်ပွားရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေလင်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးလှမြင့်၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက မီးသတ်ယာဉ်သုံးစီး‌၊ ရေသယ်ယာဉ် နှစ်စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရပြီး နံနက် ၁ နာရီ ၅၀ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်။

 

3

 

မီးလောင်မှုကြောင့် သွပ်မိုး၊ ပျဉ်ကာ၊ပျဉ်ခင်း နှစ်ထပ်အိမ်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး လူနှင့်တိရိစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။

 

မီးလောင်မှုကြောင့် မီးအားပေါ့ဆစွာ သုံးစွဲသူ မဆွေယဉ်မွန်အား မြို့မရဲစခန်းမှ အရေးယူ ဆောင်ရွက် ထားရှိကြောင်း သိရသည်။

 

ပေါင်းတည် ပြန်/ဆက်