ဩဂုတ် ၁၂
ပေါ်တူဂီနိုင်ငံတွင် ယမန်နေ့ကအထိ မျောက်ကျောက်ရောဂါကူးစက်ခံရသူပေါင်း ၇၇၀ ရှိလာကြောင်း အတည်ပြုထုတ်ပြန်ထားသည်။
နိုင်ငံအတွင်း မျောက်ကျောက်ရောဂါကူးစက်မှုကို မေလက ပထမဆုံးတွေ့ရှိခဲ့သည်ဟု ပေါ်တူဂီကျန်းမာရေး ညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။
မြို့တော်လစ်စဘွန်းနှင့် ပေါ်တူဂီမြောက်ပိုင်း တို့တွင် မျောက်ကျောက်ရောဂါကူးစက်မှုကိုတွေ့ရှိခဲ့ပြီး ထိုရောဂါကူးစက်မှု၏ ၄၃ ရာခိုင်နှုန်းသည် အသက် ၃၀ မှ ၃၉ နှစ်အရွယ်အုပ်စုဖြစ်သည်။
အဆိုပါရောဂါကူးစက်မှု၏ ၉၉ ဒသမ ၃ ရာခိုင်နှုန်းသည် အမျိုးသားများဖြစ်သည်။
ပေါ်တူဂီနိုင်ငံတွင် မျောက်ကျောက်ကူးစက်ခံရကြောင်းအတည်ပြုထားသူများနှင့်ထိတွေ့မှုရှိသူများကို ဇူလိုင်လ ၁၆ ရက်မှစတင်၍ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ရာ ယနေ့အထိ ကာကွယ်ဆေးထိုးနှံပြီးသူ ၇၀ ဒသမ ၂ ရာခိုင်နှုန်းရှိပြီ ဖြစ်ကြောင်း ထိုညွှန်ကြားရေးမှူးချုပ်က ပြောကြားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မျောက်ကျောက်ရောဂါကို ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ဇူလိုင်လ ၂၃ ရက်က ထုတ်ပြန်ကြေညာခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် ဩဂုတ်လ ၇ ရက်နေ့အထိ မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၂၇၈၁၄ ဦးရှိသည်ဟု သိရသည်။
ပေါ်တူဂီနိုင်ငံသည် မျောက်ကျောက်ရောဂါကူးစက်မှုအများဆုံး ၁၀ နိုင်ငံတွင်ပါဝင်ကြောင်းနှင့် အမေရိကန်နိုင်ငံတွင် မျောက်ကျောက်ရောဂါကူးစက်ခံရသူ ၇၅၁၀၊ စပိန်တွင် ၄၅၇၇ ဦးနှင့် ဂျာမနီနိုင်ငံတွင် ၂၈၈၇ ဦးတို့ ဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


