ဖားကန့် ၂ ဇန်နဝါရီ

 

ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းရှိ သက်တမ်းကုန် ကျောက်မျက်လုပ်ကွက်များအတွင်း တရားမဝင် ကျောက်မျက်တူးဖော်ခြင်းများ ရှိနေခြင်းကြောင့် တာဝန်ရှိသူများမှ ရှောင်တခင် ဝင်ရောက် စစ်ဆေး ရှာဖွေခြင်းများ ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက လုံးခင်းကျေးရွာအုပ်စု ငိုးပင်းကျေးရွာအနီးရှိ သက်တမ်းကုန် လစ်လပ်လုပ်ကွက်အတွင်း တရားမဝင် ကျောက်စိမ်းတူးဖော် နေသူ ၁၆ ဦးနှင့်အတူ ဘက်ဟိုးယာဉ် ၁၀ စီး ဝမြေသယ်ယာဉ် ၅ စီး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 

1

 

ဖြစ်စဉ်မှာ ဖားကန့်မြို့နယ် နယ်မြေခံတပ်မှ တပ်မတော်သားများ၊ နယ်မြေလုံခြုံရေး ရဲတပ်ဖွဲ့ဝင်များ၊ ကျောက်မျက်တူးဖော်ရေးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်းအဖွဲ့သည် ဇန်နဝါရီ ၁ ရက် မွန်းလွဲ ၁ နာရီခန့်က လုံးခင်းကျေးရွာအုပ်စု၊ ငိုးပင်းကျေးရွာအနီးရှိ သက်တမ်းကုန် လစ်လပ်လျက်ရှိသည့် မြဥယျာဉ် ကျောက်မျက်ကုမ္ပဏီလုပ်ကွက်ဟောင်း၊ ငိုးပင်းအကျိုးတူ(၄) အပိုင်း(A)အတွင်း တရားမဝင် ကျောက်မျက်တူးဖော်နေသူ ၁၆ ဦးနှင့်အတူ ဘက်ဟိုးယာဉ် (၁၀)စီး၊ မြေသယ်ယာဉ် (၅)စီးတို့ကို သိမ်းဆည်းရမိခဲ့သည်။

 

ဖြစ်စဉ်နှင့် ပတ်သက်၍ သိမ်းဆည်းရမိသည့် ယာဉ်ယန္တရားများကို သက်ဆိုင်ရာမှ ထိန်းသိမ်းထားရှိပြီး တရားမဝင် ကျောက်မျက်တူးဖော်သူများအား အရေးယူနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

 

ဝင်းနိုင်(ကချင်မြေ)