ဖာပွန် ၂၉  မတ်

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပထမအကြိမ် ကျင်းပမည့် လမ်းလျှောက်သင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် မတ် ၂၉ရက် နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် မြို့နယ်အုပ်ချုပ်ရေးမှူးက ကော်မတီများ ဖွဲ့စည်းထားရှိမှုနှင့် လုပ်ငန်း တာဝန်များကို ရှင်းလင်းတင်ပြကာ လမ်းလျှောက်သင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး အစီအစဉ်များနှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းများကို ကော်မတီဝင်များက အသီးသီးဆွေး နွေးခဲ့ကြသည်။

 

mdn

 

ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများသည် လမ်းလျှောက်သင်္ကြန်ကျင်းပမည့် အမှတ်(၁)ရပ်ကွက်ရှိ ယွန်းစလင်းမြစ်ကမ်းဘေးသို့ သွားရောက်၍ ကြည့်ရှုခဲ့သည်။ အဆိုပါနေရာတွင် မြို့နယ်အထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများနှင့် လမ်းဦးစီးဌာနမှ ဝန်ထမ်းများက အမှိုက်များကို ရှင်းလင်းဖယ်ရှားခြင်း၊ မြေညှိစက်ဖြင့် မြေညှိခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လမ်းလျှောက်သင်္ကြန်ပွဲတော်တွင် ဖျော်ဖြေရေးမဏ္ဍပ်များ၊ ယိမ်းအကအဖွဲ့များ၏ တင်ဆက်ကပြမှုများ၊ စတုဒီသာမဏ္ဍပ်များ၊ ရေကစားမဏ္ဍများ နှင့် လမ်းတစ်လျောက်၌ အလိုအလျောက် ရေဖြန်းပိုက်များ ထားရှိသွားမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ် ကင်းရှင်အောင် ရေကစားနိုင်ရန်အတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်ဦးစီးဌာနတို့မှ တာဝန်ယူ ဆာင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ကျန်းမာရေးဦးစီးဌာနမှလည်း အရေးပေါ်လူနာများအား ပြုစုစောင့်ရှောက်ရန်အတွက် စီစဉ်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

စောအောင်မျိုးလွင်(ပြန်/ဆက်)

 

mdn