သန့်ဇင်(ပြည်ထောင်စုရှေ့နေချုပ်ရုံး)

 

တရားစီရင်ရေးနယ်ပယ်၊ ရှေ့နေရှေ့ရပ်နယ်ပယ်မှာ ဘားကောင်စီဆိုတဲ့ အခေါ်အဝေါ်နဲ့ ရင်းနှီးနေတဲ့ တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲကို ဩဂုတ်လ ၂ ရက်နေ့မှာ ကျင်းပမှာဖြစ်ပါတယ်။ အဲဒီ ရွေးကောက်ပွဲမှာ နိုင်ငံတစ်ဝန်းလုံးမှာရှိကြတဲ့ တရားလွှတ်တော်ရှေ့နေများ က ပါဝင်ဆန္ဒမဲပေးကြမှာဖြစ်ပြီး သတ်မှတ်အရည်အချင်းများနဲ့ ကိုက်ညီတဲ့ ကောင်စီဝင်လောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံလိုတဲ့ တရားလွှတ်တော် ရှေ့နေများကလည်း တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ကောင်စီဝင်လောင်းများအဖြစ် ယှဉ်ပြိုင်အရွေးခံကြမှာ ဖြစ်ပါတယ်။

ယခုလို တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲ ကျင်းပ ခြင်းဟာ ကာလအတန်ကြာ ပျောက်ဆုံးနေခဲ့တဲ့ မိမိတို့အဖွဲ့အစည်းမှာ မိမိတို့ ကိုယ်တိုင် ရွေးကောက်တင်မြှောက်သူတွေပါဝင်ခွင့်ရှိတဲ့ အခြေအနေတစ်ရပ်ကို ပြန်လည်ဖော်ဆောင်ခွင့်ရခြင်းဖြစ်ပါတယ်။

 

တရားလွှတ်တော်ရှေ့နေများကောင်စီ ဥပဒေနောက်ခံသမိုင်း

တရားလွှတ်တော်ရှေ့နေများကောင်စီအက်ဥပဒေကို ၁၉၂၆ ခုနှစ်၊ အိန္ဒိယ အက်ဥပဒေအမှတ် ၃၈ နဲ့ ပြဋ္ဌာန်းခဲ့ပြီး ၁၉၂၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှာ စတင်အာဏာတည်ခဲ့ပါတယ်။ မူလပြဋ္ဌာန်းစဉ်က အင်္ဂလိပ်ဘာသာ The Bar Council Act အမည်နဲ့ ပြဋ္ဌာန်းခဲ့တာကြောင့် တရားလွှတ်တော်ရှေ့နေများ ကောင်စီ အက်ဥပဒေဆိုတဲ့ အမည်ထက် ဘားကောင်စီအက်ဥပဒေဆိုတဲ့ အမည်ကို ပိုမိုလူသိများပါတယ်။ ဒါကြောင့်လည်း ယင်းအက်ဥပဒေအရ ဖွဲ့စည်းတဲ့ ကောင်စီကိုလည်း ဘားကောင်စီလို့ ခေါ်ဝေါ်ကြခြင်းဖြစ်ပါတယ်။

 

မူလဘားကောင်စီအက်ဥပဒေပုဒ်မ ၄ အရ ဘားကောင်စီကို အဖွဲ့ဝင် ၁၅ ဦးနဲ့ ဖွဲ့စည်းပါတယ်။ ရှေ့နေချုပ်တစ်ဦး၊ တရားရုံးချုပ်က အမည်စာရင်း တင်သွင်းတဲ့ တရားလွှတ်တော်ချုပ်တရားသူကြီး နှစ်ဦးထက်မပိုတဲ့ ပုဂ္ဂိုလ် လေးဦး၊ တရားရုံးချုပ်ရှေ့နေများက ယင်းတို့ထဲမှ ရွေးချယ်ပေးသူ ၁၀ ဦးတို့ ဖြစ်ပါတယ်။ ဒါကြောင့် ဘားကောင်စီမှာ တရားရုံးချုပ်ရှေ့နေများက ရွေးကောက်တင်မြှောက်တဲ့ ကိုယ်စားလှယ် ၁၀ ဦး ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိခဲ့ပါတယ်။

 

အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့၊ ဥပဒေအမှတ် ၂၂/၈၉ နဲ့ တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေပြဋ္ဌာန်းပြီး ပြင်ဆင်ရာမှာ တရားလွှတ်တော် ရှေ့နေများကောင်စီဖွဲ့စည်းတဲ့ ပုဒ်မ ၄ ကိုလည်း ပြင်ဆင်ခဲ့ပါတယ်။ အဲဒီလို ပြင်ဆင်ရာမှာ ရှေ့နေချုပ်က ဥက္ကဋ္ဌ၊ ဒုတိယရှေ့နေချုပ်က ဒုတိယဥက္ကဋ္ဌ၊ တရားသူကြီးချုပ်က အမည်စာရင်းတင်သွင်းတဲ့ တရားရုံးချုပ်တရားသူကြီး တစ်ဦး၊ တရားလွှတ်တော်ရှေ့နေခြောက်ဦးနဲ့ တရားရုံးချုပ်မှ ညွှန်ကြားရေးမှူး ချုပ်က အဖွဲ့ဝင်များ၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ညွှန်ကြားရေးမှူးချုပ်က အတွင်းရေးမှူးအဖြစ် စုစုပေါင်း ၁၁ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ အဲဒါ ကြောင့် တရားလွှတ်တော်ရှေ့နေများကောင်စီမှာ တရားရုံးချုပ်ရှေ့နေခြောက်ဦး ပါဝင်ပါတယ်။ တရားသူကြီးချုပ်က ရွေးချယ်တာဝန်ပေးတဲ့ တရားလွှတ်တော် ရှေ့နေများဖြစ်ပါတယ်။

 

တရားလွှတ်တော်ရှေ့နေများကောင်စီကို အထက်ပါဖွဲ့စည်းပုံအတိုင်း ဖွဲ့စည်းဆောင်ရွက်ခဲ့ပြီး ၁၀-၆-၂၀၁၉ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၁ နဲ့ တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေကို ပြင်ဆင်တဲ့ဥပဒေ ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီဥပဒေနဲ့ တရားလွှတ်တော်ရှေ့နေ များကောင်စီဖွဲ့စည်းပုံကို ပြင်ဆင်ခဲ့ပါတယ်။ တရားလွှတ်တော်ရှေ့နေများကောင်စီကို ပြည်ထောင်စုရှေ့နေချုပ်က ဥက္ကဋ္ဌ၊ တရားလွှတ်တော်ရှေ့နေများ က သတ်မှတ်ချက်နဲ့အညီ ရွေးကောက်တင်မြှောက်တဲ့ တရားလွှတ်တော် ရှေ့နေလုပ်သက် အနည်းဆုံး ၁၅ နှစ်ရှိတဲ့ တရားလွှတ်တော်ရှေ့နေ ၁၁ ဦး၊ ယင်း ၁၁ ဦးထဲမှ တစ်ဦးက ဒုတိယဥက္ကဋ္ဌနဲ့ တစ်ဦးက အတွင်းရေးမှူး၊ ကျန်တဲ့တရားလွှတ်တော်ရှေ့နေ ကိုးဦးက အဖွဲ့ဝင်၊ ပြည်ထောင်စုတရားသူကြီး ချုပ်က အမည်စာရင်းတင်သွင်းတဲ့ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး နှစ်ဦးက အဖွဲ့ဝင်၊ ဒုတိယရှေ့နေချုပ်က အဖွဲ့ဝင်အဖြစ် ပါဝင်လျက် စုစုပေါင်း ၁၅ ဦးနဲ့ ဖွဲ့စည်းရမှာဖြစ်ပါတယ်။ ယခုပြင်ဆင်ဖွဲ့စည်းမယ့် တရားလွှတ်တော်ရှေ့နေများကောင်စီမှာ တရားလွှတ်တော်ရှေ့နေ ၁၁ ဦး ပါဝင်မှာဖြစ်ပါတယ်။

 

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က တရားလွှတ်တော်ရှေ့နေများ ကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများကို ၃-၉-၂၀၁၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပြီး ပြင်ဆင်သည့် နည်းဥပဒေကို ၆-၄-၂၀၂၀ ရက်နေ့ မှာ ထုတ်ပြန်ခဲ့ပါတယ်။

 

လက်ရှိတရားလွှတ်တော်ရှေ့နေများကောင်စီက တရားလွှတ်တော်ရှေ့နေ များကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၃၆ အရ တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ၁၈-၅-၂၀၂၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲကျင်းပနိုင်ရေးကို ဆောင်ရွက်ကြမှာဖြစ်ပါတယ်။ လက်ရှိတရားလွှတ်တော် ရှေ့နေများကောင်စီ က ၂-၈-၂၀၂၀ ရက်နေ့မှာ တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲ ကို ကျင်းပရန်ကြေညာပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စအဝဝကို ပြင်ဆင် ဆောင်ရွက်ခဲ့ပါတယ်။

 

တရားလွှတ်တော်ရှေ့နေများကောင်စီရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမယ့် တရားလွှတ်တော်ရှေ့နေများနဲ့ ရွေးကောက်ခံမယ့် တရားလွှတ်တော်ရှေ့နေ များ လေ့လာဖတ်ရှုနိုင်ရန် “တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေ၊ တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများနှင့် လုပ်ထုံးလုပ်နည်းများ” စာအုပ်ကို ၂၀၂၀ ပြည့်နှစ်၊ မေလ မှာ ပြည်ထောင်စုရှေ့နေချုပ်ရုံးက ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။

 

ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူ

ဆန္ဒမဲပေးပိုင်ခွင့်ကို တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ၊ နည်းဥပဒေ ၂ (စ) မှာ “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဆိုသည်မှာ တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေအရ တရားလွှတ်တော်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့်ရှိပြီး ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကိုဆိုသည်” ဟု ပြဋ္ဌာန်းထားပါတယ်။

အဲဒီနောက် တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ အပိုဒ် ၃ အရ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူကို သတ်မှတ်ရာမှာ “တရားလွှတ်တော်ရှေ့နေအဖြစ် အသိအမှတ်ပြု လက်မှတ် သို့မဟုတ် အသိအမှတ်ပြုကတ်ပြားတင်ပြနိုင်ပြီး တရားလွှတ်တော် ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့်ရှိသူဖြစ်ရမည့်အပြင် အက်ဥပဒေပုဒ်မ ၁၀ ပုဒ်မခွဲ (၁) အရ အမှုလိုက်ပါဆောင်ရွက်ခြင်းမှ ဆိုင်းငံ့ထားခြင်းခံနေရဆဲ မဟုတ်သူ သို့မဟုတ် တရားလွှတ်တော်ရှေ့နေများစာရင်းမှ ပယ်ဖျက်ခံရခြင်း မဟုတ်သူ” ဟု ပြဋ္ဌာန်းထားပါတယ်။

 

နည်းဥပဒေ ၂ (စ) အရ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကို အဓိပ္ပာယ်ဖွင့်ဆိုရာမှာ ရော၊ လုပ်ထုံးလုပ်နည်း အပိုဒ် ၃ အရ သတ်မှတ်ချက်အရရော အဓိကအချက် မှာ တရားလွှတ်တော်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့်ရှိပြီး အက်ဥပဒေ ပုဒ်မ ၁၀ (၁) အရ အရေးယူခံရဆဲမဟုတ်သူဟာ တရားလွှတ်တော်ရှေ့နေများ ကောင်စီ ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးခွင့်ရမှာဖြစ်တယ်။ ဆန္ဒမဲပေးလိုသူက ကြီးကြပ်ရေးအဖွဲ့ထံ လုပ်ထုံးလုပ်နည်းများပုံစံ(၁)နဲ့ လျှောက်ထားပြီး မဲစာရင်းပုံစံ (၃)နှင့် (၃-က) တို့မှာ မိမိအမည်ပါဝင်မှသာ ဆန္ဒမဲပေးခွင့် ရရှိမှာဖြစ်ပါတယ်။ အတည်ပြုစာရင်းအရ တရားလွှတ်တော်ရှေ့နေများ ကောင်စီရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမယ့် တရားလွှတ်တော်ရှေ့နေစုစုပေါင်း ၄၃၈၇ ဦး ရှိမှာဖြစ်ပါတယ်။

အဲဒီအပြင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသူရဲ့အရည်အချင်းများကို နည်းဥပဒေ ၅ မှာ နည်းဥပဒေခွဲ (က)၊ (ခ)၊ (ဂ) နှင့် (ဃ) တို့နဲ့ ပြဋ္ဌာန်းထား ပါတယ်။ နည်းဥပဒေ ၅ ရဲ့ ပထမအချက်မှာ နိုင်ငံသားဖြစ်ရပါမယ်။

 

ဒုတိယ အချက်မှာ အက်ဥပဒေပုဒ်မ ၄ (င) အရ တရားလွှတ်တော်ရှေ့နေလုပ်သက် ၁၅ နှစ် ရှိသူဖြစ်ရပါမယ်။ တတိယအချက်ကတော့ အက်ဥပဒေပုဒ်မ ၁၀ (၁) အရ အမှုလိုက်ပါဆောင်ရွက်ခြင်းမှ ဆိုင်းငံ့ထားခြင်းခံနေရဆဲ မဟုတ်သူ သို့မဟုတ် တရားလွှတ်တော်ရှေ့နေများစာရင်းမှ ပယ်ဖျက်ခံရခြင်း မဟုတ်သူ ဖြစ်ရပါမယ်။ စတုတ္ထအချက်ကတော့ အက်ဥပဒေပုဒ်မ ၁၀ (၁) အရ ပြင်းထန် စွာ သတိပေးခြင်းပြစ်ဒဏ်ကို ရွေးကောက်ပွဲကျင်းပမယ့် ရက်မတိုင်မီ တစ်နှစ် အတွင်း ချမှတ်ခံရခြင်းမဟုတ်သူ ဖြစ်ရပါမယ်။ ဒီအရည်အချင်းများနဲ့ ပြည့်စုံသူ ဟာ တရားလွှတ်တော်ရှေ့နေများကောင်စီ ရွေးကောက်ပွဲမှာ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိမှာ ဖြစ်ပါတယ်။

 

အကြောင်းကြောင်းကြောင့် တရားလွှတ်တော်ရှေ့နေအဖြစ် ရပ်ဆိုင်း ခြင်း၊ ပယ်ဖျက်ခြင်းခံရသူများရှိသော်လည်း ပြည်ထောင်စုတရားလွှတ်တော် ချုပ် ၏ ပြန်လည်သုံးသပ်အတည်ပြုချက်နဲ့ တရားလွှတ်တော်ရှေ့နေအဖြစ် ပြန်လည်လိုက်ပါ ဆောင်ရွက်ခွင့်ရသူများလည်း ရှိပါတယ်။ ရွေးကောက် တင်မြှောက်ခံပိုင်ခွင့်နဲ့စပ်လျဉ်းပြီး ပြဋ္ဌာန်းချက်မှာ လုပ်သက် “၁၅ နှစ်” ဟု ဖော်ပြထားသဖြင့် တရားလွှတ်တော်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ခွင့် ရှိတဲ့ကာလ ၁၅ နှစ်ပြည့်ရင် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် ရှိပါတယ်။

တရားလွှတ်တော်ရှေ့နေများကောင်စီရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင် ကြမယ့် ကောင်စီဝင်လောင်း စုစုပေါင်း ၁၁၀ ရှိပြီး အဲဒီ ကောင်စီဝင်လောင်း များရဲ့ အမည်စာရင်းကိုလည်း ၁၇-၇-၂၀၂၀ ရက်နေ့မှာ ထုတ်ဝေတဲ့ နေ့စဉ်ထုတ် ကြေးမုံနဲ့ မြန်မာ့အလင်းသတင်းစာတွေမှာ ကြေညာထားပြီး ဖြစ်ပါတယ်။

 

မဲဆန္ဒနယ်သတ်မှတ်ခြင်းနှင့် ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်း

 

တရားလွှတ်တော်ရှေ့နေများကောင်စီက တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၄ ခုမှာ မဲဆန္ဒနယ် ၃၅ ခု သတ်မှတ်ပြီး ရွေးကောက်ပွဲကျင်းပမှာ ဖြစ်ပါတယ်။ ယင်းမဲဆန္ဒနယ်များကတော့ ကချင်ပြည်နယ်မှာ မြစ်ကြီးနားခရိုင်၊ ပူတာအို ခရိုင်၊ မိုးညှင်းခရိုင်နဲ့ ဗန်းမော်ခရိုင် မဲဆန္ဒနယ်၊ ကယားပြည်နယ်မှာ လွိုင်ကော်ခရိုင် မဲဆန္ဒနယ်၊ ကရင်ပြည်နယ်မှာ ဘားအံခရိုင်မဲဆန္ဒနယ်၊ ချင်း ပြည်နယ်မှာ ဟားခါးခရိုင်နဲ့ မင်းတပ်ခရိုင် မဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်းဒေသ ကြီးမှာ မုံရွာခရိုင်၊ ရွှေဘိုခရိုင်၊ ကသာခရိုင်နဲ့ ကလေးခရိုင် မဲဆန္ဒနယ်၊ တနင်္သာရီတိုင်းဒေသကြီးမှာ ထားဝယ်ခရိုင်၊ မြိတ်ခရိုင်နဲ့ ကော့သောင်းခရိုင် မဲဆန္ဒနယ်၊ ပဲခူးတိုင်းဒေသကြီးမှာ ပဲခူးခရိုင်နဲ့ ပြည်ခရိုင် မဲဆန္ဒနယ်၊ မကွေး တိုင်းဒေသကြီးမှာ မကွေးခရိုင်နဲ့ ပခုက္ကူခရိုင်မဲဆန္ဒနယ်၊ မန္တလေးတိုင်း ဒေသကြီးမှာ မန္တလေးခရိုင်နဲ့ မိတ္ထီလာခရိုင် မဲဆန္ဒနယ်၊ မွန်ပြည်နယ်မှာ မော်လမြိုင်ခရိုင်နဲ့ သထုံခရိုင်မဲဆန္ဒနယ်၊ ရခိုင်ပြည်နယ်မှာ စစ်တွေခရိုင်နဲ့ ကျောက်ဖြူခရိုင် မဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီးမှာ အရှေ့ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်နဲ့ မြောက်ပိုင်းခရိုင် မဲဆန္ဒနယ်၊ ရှမ်း ပြည်နယ်မှာ တောင်ကြီးခရိုင်၊ ကျိုင်းတုံခရိုင်နဲ့ လားရှိုးခရိုင် မဲဆန္ဒနယ်၊ ဧရာဝတီတိုင်းဒေသကြီးမှာ ပုသိမ်ခရိုင်၊ မြောင်းမြခရိုင်နဲ့ ဖျာပုံခရိုင် မဲဆန္ဒနယ်များ ဖြစ်ပါတယ်။ နေပြည်တော်အတွက် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မဲဆန္ဒနယ်မှ မဲရုံခွဲတစ်ခုကို ဒက္ခိဏခရိုင်ဥပဒေရုံးမှာ ဖွင့်လှစ် ပေးမှာ ဖြစ်ပါတယ်။

 

သက်ဆိုင်ရာမဲဆန္ဒနယ်အလိုက် ခရိုင်ဥပဒေအရာရှိ ခေါင်းဆောင်သောကြီးကြပ်ရေးအဖွဲ့များကိုလည်း ဖွဲ့စည်းတာဝန်ပေးအပ်ပြီး ဖြစ်တာကြောင့် ကြီးကြပ်ရေးအဖွဲ့များက မိမိတို့ရဲ့ရုံးခန်းကို သက်ဆိုင်ရာ ခရိုင်ဥပဒေရုံးတွေမှာ ဖွင့်လှစ်ပြီး လုပ်ငန်းတာဝန်များကို စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

 

ဆန္ဒမဲပေးခြင်း

 

အခုကျင်းပမယ့်ရွေးကောက်ပွဲမှာ ဆန္ဒမဲပေးမည့်သူဟာ ကြိုတင်မဲပေးတဲ့ စနစ် ကျင့်သုံးခွင့်မရှိဘဲ မဲရုံသို့ ကိုယ်တိုင်လာရောက် မဲပေးရမှာဖြစ်ပါတယ်။ ဆန္ဒမဲပေးနိုင်ရန် တရားလွှတ်တော်ရှေ့နေအဖြစ် အသိအမှတ်ပြုလက်မှတ် သို့မဟုတ် အသိအမှတ်ပြုကတ်ပြား ယူဆောင်လာရမှာ ဖြစ်ပါတယ်။ လျှို့ဝှက် ဆန္ဒမဲပေးနိုင်ရန် ကြီးကြပ်ရေးအဖွဲ့က ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။

 

ဆန္ဒမဲလက်မှတ်ကတော့ နည်းဥပဒေ ၁၁ အရ ရွေးကောက်တင်မြှောက် ခံမယ့် ကောင်စီဝင်လောင်းအားလုံးရဲ့ အမည်များကို ဖော်ပြထားပြီး အတွင်း ရေးမှူးက လက်မှတ်ရေးထိုးထားပါတယ်။ ရွေးကောက်တင်မြှောက်ခံမယ့်ကောင်စီဝင်လောင်း ၁၁၀ ရှိတာကြောင့် ဆန္ဒမဲလက်မှတ်ကို Legal Paper စာရွက်မှာ ရိုက်နှိပ်ထားပြီး စာမျက်နှာနှစ်ဖက်လုံးမှာ ကောင်စီဝင်လောင်း များရဲ့အမည်၊ တရားလွှတ်တော်ရှေ့နေအသိအမှတ်ပြုလက်မှတ်ပါ အမှတ်စဉ် နဲ့ ဆန္ဒပြုရမယ့် ကွက်လပ် ( ) တို့ ပါရှိမှာဖြစ်ပါတယ်။ အကယ်၍ ရွေးကောက်ခံမယ့် တရားလွှတ်တော်ရှေ့နေ အမည်တူပါရှိပါက ၎င်းတို့ ပုံစံ ၄ လျှောက်ထားရာမှာ ဖော်ပြပါရှိတဲ့ နေရပ်လိပ်စာပါ မြို့အမည်ကို ဖော်ပြ ထားပါတယ်။ အဲဒီအပြင် မဲဆန္ဒနယ်တစ်ခုတည်းမှာပဲ အမည်တူများရှိနေရင် သင့်တဲ့နည်းနဲ့ ကွဲပြားအောင် ဖော်ပြထားပါတယ်။

 

ဆန္ဒမဲပေးသူဟာ ဆန္ဒမဲလက်မှတ်မှာ မိမိမဲပေးလိုတဲ့ တရားလွှတ်တော် ရှေ့နေ ၁၁ ဦးရဲ့ အမည်နံဘေးရှိ ကွက်လပ်မှာ အမှန် (3) အမှတ်အသား ရေးမှတ်ရမှာ ဖြစ်ပါတယ်။ ၁၁ ဦးထက်ပိုပြီး ဆန္ဒပြုထားတဲ့ ဆန္ဒမဲလက်မှတ်၊ မသေချာမထင်ရှားတဲ့ ဆန္ဒမဲလက်မှတ်၊ ပြောင်းလဲထားတဲ့ ဆန္ဒမဲလက်မှတ်နဲ့ ပျက်စီးနေတဲ့ ဆန္ဒမဲလက်မှတ်တို့ကို ပယ်မဲအဖြစ် သတ်မှတ်မှာဖြစ်ပါတယ်။

 

ဆန္ဒမဲရေတွက်ခြင်းနှင့် ကောင်စီဝင်လောင်းအမည်စာရင်းကြေညာခြင်း

ဆန္ဒမဲပေးပြီးတဲ့အခါ သက်ဆိုင်ရာကြီးကြပ်ရေးအဖွဲ့က မိမိတို့မဲရုံအလိုက် ဆန္ဒမဲများကို စိစစ်ပြီး ကောင်စီဝင်လောင်းတစ်ဦးချင်းစီရရှိတဲ့ ဆန္ဒမဲအရေ အတွက်ကို အများအနည်းအလိုက် ပုံစံ ၁၄ နဲ့ ပြုစုပြီး အတွင်းရေးမှူးထံ ပေးပို့မှာဖြစ်ပါတယ်။ အတွင်းရေးမှူးက ကောင်စီဝင်လောင်း တစ်ဦးချင်းစီ ရရှိတဲ့ ဆန္ဒမဲအများအနည်းအလိုက် စာရင်းချုပ်ပြီး ဆန္ဒမဲအများဆုံးရရှိတဲ့ ရွေးကောက်တင်မြှောက်ခံရသူ ၁၁ ဦးရဲ့ အမည်စာရင်းကို ကြေညာမှာ ဖြစ်ပါတယ်။

 

ရွေးကောက်တင်မြှောက်ခံရသူများစာရင်းကို ထုတ်ပြန်ကြေညာပြီးနောက် ရက်ပေါင်း ၆၀ အတွင်း လက်ရှိတရားလွှတ်တော် ရှေ့နေများကောင်စီဥက္ကဋ္ဌက တရားလွှတ်တော်ရှေ့နေများကောင်စီ ပထမအကြိမ် အစည်းအဝေးကို ခေါ်ယူ ကျင်းပမှာ ဖြစ်ပါတယ်။

 

အဲဒီနေ့မှာပဲ ယခင်ကောင်စီဝင်ဟောင်းများဟာ တာဝန်မှနုတ်ထွက်ပြီးဖြစ်တယ် လို့ မှတ်ယူရမှာဖြစ်ပြီး ရွေးကောက်တင်မြှောက်ခံရတဲ့ တရားလွှတ်တော်ရှေ့နေ များပါဝင်တဲ့ တရားလွှတ်တော်ရှေ့နေများကောင်စီ ပေါ်ပေါက်လာမှာဖြစ်ပါ တယ်။

 

တရားလွှတ်တော်ရှေ့နေများကောင်စီရဲ့ ရုံးလုပ်ငန်းများကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးက တာဝန်ယူဆောင်ရွက်ရတာကြောင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စီမံခန့်ခွဲရေးကိစ္စရပ်များအပါအဝင် လုပ်ငန်းစဉ်အားလုံး ကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်။

 

ဒါကြောင့် တရားလွှတ်တော်ရှေ့နေများကိုယ်တိုင် ဆန္ဒမဲပေးပြီး ရွေးကောက်တင်မြှောက်ခံရတဲ့ တရားလွှတ်တော်ရှေ့နေများ ပါဝင်တဲ့ တရားလွှတ်တော်ရှေ့နေများကောင်စီဟာ မကြာမီကာလမှာ ဖွဲ့စည်းမှု အသစ်နဲ့ ပေါ်ပေါက်လာမှာဖြစ်ပြီး တရားလွှတ်တော်ရှေ့နေများကောင်စီ အက်ဥပဒေအရ သက်ဆိုင်ရာလုပ်ငန်းများကို ပိုမိုအကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း ဖော်ပြအပ်ပါတယ်။ ။

ကြေးမုံ