ဦးခင်ဇော် တရားလွှတ်တော်ရှေ့နေ (ပဲခူး)

 

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဖွဲ့စည်းခြင်း

 

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကွန်ဗင်းရှင်းကို ၂၀၁၂ ခုနှစ်တွင် အတည်ပြုခဲ့ပါသည်။ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို (၂၀၁၃ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေအမှတ် ၂၃) ဖြင့် (၇-၈-၂၀၁၃) နေ့တွင် ပြဋ္ဌာန်းခဲ့ပါသည်။ ၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းတာဝန်ပေးခဲ့ပါသည်။ အဂတိလိုက်စားမှုအား ပိုမို တိုက်ဖျက်နိုင်ရန်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အသစ်ကို နိုင်ငံတော်သမ္မတရုံး၏ (၂၃-၁၁၂၀၁၇) ရက်စွဲပါ အမိန့်အမှတ်၊ ၃၀/၂၀၁၇ ဖြင့် ကော်မရှင် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် ၁၀ ဦး စုစုပေါင်း ၁၂ ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပါသည်။

 

ရည်မှန်းချက်

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ရည်မှန်းချက်မှာ နိုင်ငံတစ်ဝန်း အဂတိလိုက်စားမှုများကို အများပြည်သူတို့နှင့် လက်တွဲ၍ တွန်းလှန်တိုက်ဖျက်ခြင်းဖြင့် အများပြည်သူတို့၏ ဘဝများ သာယာဝပြောလာစေရန် ရည်မှန်းချက်ထားရှိကြောင်း တွေ့ရပါသည်။

 

အမျိုးသားရေးတာဝန်

 

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ် ဆောင်ရွက်ရေး၊ သန့်ရှင်းသောအစိုးရနှင့် ကောင်းမွန်သော အုပ်ချုပ်ရေးစနစ်ဖြစ်ထွန်းရေး၊ ဌာနဆိုင်ရာ အဖွဲ့အစည်းအသီးသီးတွင် ဂုဏ်သိက္ခာနှင့် တာဝန်ယူနိုင်မှု မြင့်မားတိုးတက်လာနိုင်ရေး၊ နိုင်ငံပိုင် ပစ္စည်းများနှင့် ဘဏ္ဍာငွေများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ နိုင်ငံသားများ၏ အကျိုးစီးပွား ထိခိုက်မှုမရှိစေရေးအတွက် ၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေအား စတုတ္ထအကြိမ် ပြင်ဆင်သည့် ဥပဒေကို ရေးဆွဲပြင်ဆင်ပြဋ္ဌာန်းနိုင်ခဲ့ပါသည်။

 

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သောသဝဏ်လွှာ

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်မှ (၇-၈-၂၀၁၈) နေ့တွင် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေး အထိမ်းအမှတ် အခမ်းအနားသို့ သဝဏ်လွှာပေးပို့ခဲ့ပါသည်။ ယင်း သဝဏ်လွှာတွင် “မြန်မာ့လူ့ဘောင်အဖွဲ့အစည်းအတွင်း ရောဂါဆိုးသဖွယ် အမြစ်တွယ်နေသော အဂတိလိုက်စားမှုကို ရွံ့ရှာစက်ဆုပ်ဖွယ်ရာ ကိုယ်ကျင့်သိက္ခာ ပျက်ယွင်းမှုကြီး တစ်ရပ်အဖြစ် အားလုံးက ရှုမြင်လာကြရန်၊ အဂတိလိုက်စားမှု ဆိုးကျိုးများကို သိမြင်နားလည်လာစေရန် အတွက်လည်း ပညာပေးမှု၊ စည်းရုံးမှုများ၊ အလုပ်ရုံဆွေးနွေးပွဲများ အများအပြား မြှင့်တင်ဖော်ဆောင်နိုင်ရန် အားပေးလျက်ရှိကြောင်းနှင့် အဂတိလိုက်စားမှု တားဆီး ကာကွယ်ဖို့ တာဝန်ယူမှု မြှင့်တင်ကြပါစို့ဟူသော ခေါင်းစဉ်ဖြင့် အစိုးရဌာနများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များပါဝင်သော အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခွင့်ပြုခဲ့ကြောင်း၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့များ (Corruption Prevention Units-CPU) ကိုလည်း ဖွဲ့စည်းခွင့်ပြုထားကြောင်း” ဖတ်ရှုရပါသည်။ ။

 

မဟာဗျူဟာ ရည်မှန်းချက်များ နိုင်ငံအတွင်း ဖြစ်ပွားနေသော အဂတိလိုက်စားမှုများကို အောင်မြင်စွာ တိုက်ဖျက်နိုင်ရေးအတွက် ကော်မရှင်၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်ကို ရေးဆွဲခဲ့ပြီး အကောင်အထည်ဖော်ရန် အချိန်ကာလကို ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထ ိလေးနှစ်တာ သတ်မှတ်ကာ အဆိုပါကာလအတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် လက်ရှိကျယ်ပြန့်စွာ ဖြစ်ပေါ်နေသော အဂတိလိုက်စားမှု အခြေအနေများကို လျော့နည်းကျဆင်း သွားစေရန်အတွက် မဟာဗျူဟာ ရည်မှန်းချက်သတ်မှတ်ထားပါသည်။ ။

 

ထို့ကြောင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက်(၂၀၁၈-၂၀၂၁) လုပ်ငန်းဧရိယာ(၁)၊ လုပ်ငန်းစဉ်(၂) ဖြစ်သည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တားဆီးကာကွယ်ရေး၊ အသိပညာပေးရေး အစီအစဉ်များ တစ်နိုင်ငံလုံးပျံ့နှံ့စေရန် တိုးမြှင့်ဆောင်ရွက်ခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းအဆင့် ဖြောင့်မတ် တည်ကြည်မှု မြှင့်တင်ရေး ဆရာကိုင်စာအုပ်များ ပြုစုဖြန့်ဝေခြင်းနှင့် ဖြောင့်မတ်တည်ကြည်မှု လူငယ်စခန်းများ ဖွင့်လှစ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါသည်။

 

နည်းလမ်း(၃)သွယ်

 

ကော်မရှင်သည် အများပြည်သူတို့၏ဘဝများ သာယာဝပြောလာစေရန်နှင့် နိုင်ငံတစ်ဝန်း အဂတိ လိုက်စားမှုများကို အများပြည်သူတို့နှင့် တွန်းလှန်တိုက်ဖျက်ဆောင်ရွက် လျက်ရှိပါသည်။ ယင်းသို့ ဆောင်ရွက်ရာတွင်-

(၁)အသိပညာပေးခြင်း၊

(၂)တားဆီးကာကွယ်ခြင်း၊

(၃)စုံစမ်းစစ်ဆေး အရေးယူဆောင်ရွက်ခြင်းဟူ၍ နည်းလမ်းသုံးသွယ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

 

အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၁၆ (ည) “အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး သင်ခန်းစာများကို အခြေခံပညာ မူလတန်းအဆင့်မှ စတင်သင်ကြားနိုင်ရေးအတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း” ဟူ၍ ပြဋ္ဌာန်းပါရှိပါသည်။ ။

 

ဥပဒေတွင် ပြဋ္ဌာန်းပါရှိသည်နှင့်အညီ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာ သင်ခန်းစာများအား အခြေခံပညာ မူလတန်းအဆင့်မှ စတင်သင်ကြားနိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းပြုစုထုတ်ဝေခဲ့ပါသည်။

 

၂၀၁၈ ခုနှစ်တွင် မူလတန်းအဆင့် ဆရာကိုင်စာအုပ် ၄၀၀၀၀ ထုတ်ဝေခဲ့ပါသည်။ ထိုနည်းတူ ၂၀၁၉ ခုနှစ်တွင် ပညာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ ဖြောင့်မတ်တည်ကြည်မှု မြှင့်တင်ရေးပညာပေး အစီအစဉ် အခြေခံပညာ အလယ်တန်းအဆင့် ဆရာကိုင်စာအုပ်ရေ ၄၀၀၀၀ ကို လည်း ပညာရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

 

၂၀၂၀ ပြည့်နှစ်တွင် ဖြောင့်မတ်တည်ကြည်မှု မြှင့်တင် ရေးအစီအစဉ် အခြေခံပညာအထက်တန်းအတွက် ရည်ညွှန်းစာစောင်၊ တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင် (၁)၊ (၂)၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး တက္ကသိုလ်အဆင့်(၁) တို့ကို အချိန်တိုအတွင်း ကြိုးစားပြုစု၍ မဏ္ဍိုင် (၃) ရပ်သို့ စဉ်ဆက်မပြတ် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း တွေ့ရှိရ ပါသည်။

 

စာအုပ်လာရောက်လှူဒါန်းခြင်း

 

(၁၀-၆-၂၀၂၀) ရက်နေ့တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ အတွင်းရေးမှူး ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များသည် အထက်ဖော်ပြပါ အဂတိလိုက်စားမှုတိုက်ဖျက်ရေး၊ ဖြောင့်မတ်တည်ကြည်မှုနှင့် ကျင့်ဝတ်ဆိုင်ရာ တက္ကသိုလ်အဆင့် ရည်ညွှန်းစာစောင်များနှင့် ဖြောင့်မတ် တည်ကြည်မှုမြှင့်တင်ရေး ပညာပေးအစီအစဉ် ရည်ညွှန်း စာစောင်တို့ကို ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ ဖတ်ရှုလေ့လာနိုင်ရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ ဥပဒေအထောက်အကူပေးရေး အဖွဲ့ရုံးများသို့ ဖြန့်ဝေပေးရန်နှင့် စာကြည့်တိုက်တွင် ထားရှိနိုင်ရန်အတွက် လွှဲပြောင်းပေးအပ်ခြင်းကို နေပြည်တော်ရှိ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေး အဖွဲ့ရုံး၏ အစည်းအဝေးခန်းမ၌ လွှဲပြောင်းပေးအပ်ခဲ့ပါသည်။

 

စာအုပ်များအား လေ့လာဖတ်ရှုခြင်း အခြေခံပညာအထက်တန်း ရည်ညွှန်းစာစောင်(၂၀၂၀)

 

ယင်းရည်ညွှန်းစာစောင်တွင် ဒသမတန်း (G-10)၊ ဧကော ဒသမတန်း(G-11)၊ ဒွါဒသမတန်း (G-12) တို့အတွက် ရည်ရွယ်၍ ထုတ်ဝေကြောင်း တွေ့ရှိရပါသည်။ ဒသမတန်း (G-10) အတွက် ကိုယ်ကျိုးရှာခြင်းနှင့် အများအကျိုးဆောင်ရွက်ခြင်းကြား ခွဲခြားတွေးတောခြင်း “အခြေခံစဉ်းစား တွေးခေါ်မှုများ”နှင့်ပတ်သက်၍ အဂတိလိုက်စားမှုကို ဖြေရှင်းရန် အတွေးအခေါ်ပြောင်းလဲ၍ ခွဲခြားတွေးခေါ်တတ်စေရန် ရည်ရွယ်၍ စဉ်းစားတွေးခေါ်ပေးပါ။ စဉ်းစားတွေးခေါ်တတ်ရမည်၊ အတွေးမှန်ရမည် စသည်ဖြင့် စဉ်းစားတွေးခေါ်မှုများနှင့် ပတ်သက်၍ အမေး၊ အဖြေများဖြင့်လည်းကောင်း၊ ဇာတ်လမ်းတိုများဖြင့်လည်းကောင်း လွယ်ကူဖတ်ရှု လေ့လာနိုင်ရန် စနစ်တကျ စိတ်ဝင်စားဖွယ် ရေးသားထားသည်ကို တွေ့ရသည်။

 

လုံလောက်ခြင်းနှင့်ပတ်သက်၍ အဂတိလိုက်စားမှုကို ဆန့်ကျင်ရန် လုံလောက်သော စိတ်ဆန္ဒရှိသူအဖြစ် လိုက်နာကျင့်သုံးရန် မြန်မာ့အသံရေဒီယိုမှ ရံဖန်ရံခါ ထုတ်လွှင့်လေ့ရှိသည့် ရွှေမန်းဦးတင်မောင်၏ ဇာတ်သဘင်မှ ကပြခဲ့သော ရွဲကုန်သည်ပြဇာတ်ကို ရေးသားဖော်ပြ၍ ရောင့်ရဲတင်းတိမ်ခြင်းနှင့် လုံလောက်သော စီးပွားရေးစနစ် အတွေးအခေါ်ကို နေ့စဉ်ဘဝတွင် အသုံးချပြီး အဂတိလိုက်စားမှု ကင်းသောဘဝကို ရည်ရွယ်၍ အလုပ်မှတ်တမ်း၊ ဖြေကြားနည်းတို့ဖြင့် ရေးသားထားသည်ကို လေ့လာထားရှိပါသည်။ ပွင့်လင်းမြင်သာမှုရှိခြင်းနှင့်ပတ်သက်၍ အသက်မွေးဝမ်းကျောင်း လုပ်ငန်းအမျိုးမျိုးတွင် ဆရာနှင့် ကျောင်းသား စုပေါင်း၍ ဥပဒေနှင့်မညီညွတ်ဘဲ လိမ်လည်လှည့်ဖြား လျှို့ဝှက်ဖုံးကွယ်မှုများဖြင့် မမှန်မကန်ဖော်ပြ၍ မတရားစီးပွားရှာခြင်းများကို အခြေပြုပြီး နှစ်စဉ်ဂုဏ်ပြုဆုငွေ ခွဲဝေသတ်မှတ်ခြင်း၊ ပဲပြားထုတ်လုပ်သည့်လုပ်ငန်းနှင့် ပတ်သက်၍ ဥပမာပြ ဇယားများဖြင့်လည်းကောင်း၊ ကုမ္ပဏီတွင် စာရင်းဝင်စစ်ခြင်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု ရှိရန်လိုအပ်ကြောင်း ပညာပေးဇာတ်လမ်းတိုဖြင့် လည်းကောင်း ကျောင်းသားများဖြေဆိုရန် အမေး၊ အဖြေ ဖြင့်လည်းကောင်း လူငယ်များ အမှန်တကယ်စိတ်ဝင်စားမှုနှင့် တွေးခေါ်မြော်မြင်မှုရှိစေရန် ရေးသားထားပါသည်။

 

ဧကာဒသမတန်း(G-11) အတွက် ရေးသားရာတွင် အခြေခံစဉ်းစားတွေးခေါ်မှု၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ အသိပညာရှိစွာဖြင့် အဂတိလိုက်စားမှုကို ကာကွယ်ခြင်း၊ လေးစားမှုရှိခြင်း၊ ကမ္ဘာ့နိုင်ငံသားကောင်း ဖြစ်ခြင်းတို့ကို အခန်းငါးခန်းဖြင့် ဖော်ပြထားပါသည်။ စဉ်းစားတွေးခေါ်မှုတွင် ဒစ်ဂျစ်တယ် စဉ်းစားတွေးခေါ်မှုနှင့် အန်နာလော့ စဉ်းစားတွေးခေါ်မှုတို့နှင့် ပတ်သက်၍ သိရှိနားလည် သဘောပေါက်စေရန် ရှင်းလင်းရေးသားထားပါသည်။ အဓိကအားဖြင့် ဒစ်ဂျစ်တယ်စဉ်းစားတွေးခေါ်မှုကို လုပ်ငန်းခွင်တွင် အသုံးပြုပါက ဒစ်ဂျစ်တယ်စနစ်မှာ နိုင်ငံ့ဝန်ထမ်းများသည် ရာထူးတာဝန်နှင့် ကိုယ်ရေး ကိုယ်တာ အကြောင်းများကို ခွဲခြားတွေးခေါ်နိုင်ပြီး မည်သည့်အရာကမှန်သည်၊ မည်သည့်အရာက မှားသည်။ မည်သည့်အရာက တစ်ဦးအတွက်သာ အကျိုးရှိပြီး အများအတွက် အကျိုးရှိသည်။ ဆွေးမျိုးနှင့်မိတ်ဆွေများ၏ ကိုယ်ကျိုးများအတွက်လည်း မိမိလုပ်ပိုင်ခွင့်နှင့် အာဏာကို အသုံးမပြုခြင်း၊ ရာထူးနှင့်လုပ်ပိုင်ခွင့်ကို ကိုယ်ကျိုးအတွက် အသုံးမပြုသည့်အပြင် လာဘ်ပေးလာဘ်ယူမှုကို မပြုခြင်း၊ အများအကျိုးကိုသာ အဓိကထား၍ ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်းကို အသေးစိတ် စမ်းသပ်စစ်ဆေးမှု မေးခွန်းများဖြင့် ရေးသားထားပါသည်။ ။

 

ကိုယ်ကျိုးရှာခြင်းနှင့် အများအကျိုးဆောင်ရွက်ခြင်း၊ အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်ခြင်းတို့နှင့် ပတ်သက်၍ ဥပမာများဖြင့် ဖော်ပြရာတွင် အစိုးရဌာနတစ်ခု၏ အဆင့်မြင့်အရာရှိကြီး ဦးအုန်းကျော်က ဝန်ထမ်းအပြောင်းအရွှေ့ ကိစ္စတွင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဌေးနိုင်ထံမှ ဂေါက်ဆက်တစ်စုံနှင့် ပိုးအစစ်ကြိုးကြီး ချိတ်မောင်နှံတစ်စုံ ကန်တော့သည်ကို လက်ခံရယူပြီး ဦးဌေးနိုင်အား ဝေးလံဒေသသို့ သွားရောက် တာဝန်ထမ်းဆောင်စေခြင်း မပြုဘဲ မန္တလေးမြို့သို့ ပြောင်းရွှေ့စေခြင်းကို ဥပမာပေး၍ နိုင်ငံတော်သမ္မတရုံးက (၁-၄-၂၀၁၆) ရက်စွဲဖြင့် ထုတ်ပြန်ထားသော လက်ဆောင်ပစ္စည်းလက်ခံခြင်းနှင့် ပတ်သက်၍ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်ကိုပါဖော်ပြ၍ လည်းကောင်း၊ အခြားအစိုးရဌာနမှ အရာရှိကြီးများ ကိုယ်ပိုင်စီးပွားရေးလုပ်ခြင်း သို့မဟုတ် သဘောတူစာ ချုပ်ချုပ်ဆိုခြင်းကိစ္စများ၊ ကိုယ်ကျိုးအတွက် အစိုးရပစ္စည်းများကို အသုံးပြုသည့် အကျဉ်းထောင်တာဝန်ခံ ဦးအောင်ဘော်၏ ဆောင်ရွက်ချက်များကို လည်းကောင်း ဥပမာများဖော်ပြ၍ နည်းမှန်လမ်းမှန် စဉ်းစားသင့်သည့် အရာများကို စမ်းသပ်မေးခွန်းများနှင့်တကွ ရေးသားဖော်ပြထားသည်ကို ဖတ်ရှုရပါသည်။

 

ပွင့်လင်းမြင်သာမှုရှိခြင်းနှင့် ပတ်သက်၍ အခြေခံ ပညာအထက်တန်းကျောင်း သင်္ချာဘာသာရပ်ဆရာမ ဒေါ်ခင်မြင့်ကြည်၏ သင်္ချာဘာသာနှင့်ပတ်သက်၍ ကျူရှင်လာအပ်သည်ကို ငြင်းပယ်မှု ကိစ္စများနှင့်ပတ်သက်၍ နမူနာဇာတ်လမ်းတိုများဖြင့်လည်းကောင်း၊ ပွင့်လင်းမြင်သာရှိခြင်း၊ မရှိခြင်းနှင့် ပတ်သက်၍ အမေး၊ အဖြေများဖြင့် လည်းကောင်း ရေးသားထားပါသည်။ အသိပညာရှိစွာဖြင့် အဂတိလိုက်စားမှုကို ကာကွယ်ခြင်းနှင့်ပတ်သက်၍ ကျောင်းသားများအား အဂတိလိုက်စားခြင်းကြောင့် ဖြစ်ပေါ်လာသော ဆိုးကျိုးများကို ပြောပြရန်နှင့်ကောင်းမွန်သော ကိုယ်ကျင့်တရားရှိသည့် လူ့အဖွဲ့အစည်းအဖြစ် ဆောင်ရွက်ရန် ပုံပြင်ကားချပ်များနှင့်တကွ ရေးသားဖော်ပြထားကြောင်း တွေ့ရှိရပါသည်။ ။

 

လေးစားမှုရှိခြင်းနှင့်ပတ်သက်၍ မိမိတာဝန်ကိုသိ၊ အခြားသူများ၏ အခွင့်အရေးကို လေးစားမှုရှိခြင်းကို ရည်ရွယ်၍ ရေးသားဖော်ပြထားပြီး သရုပ်ဖော်ပြဇာတ်တို တစ်ခုဖြစ်သည့် “ဒီလိုမှပေါ့ ပန်ပန်ရယ်” ဇာတ်လမ်း၊ “အခြားသူများကိုလည်း လေးစားပါ” ဇာတ်လမ်းတို့ကို ဖော်ပြပြီး အလုပ်မှတ်တမ်းအမေး၊ အဖြေများနှင့်တကွ စိတ်ဝင်စားဖွယ်ရာ ရေးသားဖော်ပြထားကြောင်း တွေ့ရှိရပါသည်။ ။

 

ဖတ်ရှုပါ၊ လေ့လာပါ၊ မှတ်သားဆောင်ရွက်ပါ

 

အထက်ဖော်ပြပါ စာမှတ်စုများသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပညာပေးထုတ်ဝေသည့် အခြေခံပညာ အထက်တန်းရည်ညွှန်းစာစောင် ၂၀၂၀ ထဲမှ ကောင်းနိုးရာရာများကို ကောက်နုတ်ရွေးချယ် တင်ပြခြင်းဖြစ်ပါသည်။ သက်ဆိုင်ရာ ကျောင်းသား လူငယ်များအနေဖြင့် ဆရာဆရာမများနှင့်ဖြစ်စေ၊ မိမိတို့ကျောင်းသား လူငယ်များနှင့်ဖြစ်စေ ဖတ်ရှုဆွေးနွေးခြင်းအားဖြင့် အဂတိလိုက်စားမှုကို ရှက်ရွံ့သည့်၊ ဆန့်ကျင်သည့်၊ တွန်းလှန် တိုက်ဖျက်လိုစိတ်ရှိသည့် လူ့အဖွဲ့အစည်းတစ်ခုအဖြစ် ပေါ်ပေါက်လာမည်ဖြစ်ကြောင်း ယုံကြည်၍ ရေးသားဖော်ပြလိုက်ရပါသည်။ ။