၁၂ မတ်
ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ရှမာပြည်နယ်တွင် တိုက်ပွဲဖြစ်ပွားသဖြင့် လက်ဝဲယိမ်းသူပုန်နှစ်ဦးနှင့် စစ်သား တစ်ဦးတို့ သေဆုံးခဲ့ကြောင်း ဖိလစ်ပိုင်စစ်တပ်က ယနေ့မနက်ပိုင်းတွင် ပြောကြားခဲ့သည်။
ရှမာပြည်နယ် ပင်နာဘတ်ဒါအို ကမ်းရိုးတန်းဒေသတွင် ယမန်နေ့မနက် ၈ နာရီဝန်းကျင်က ဖိလစ်ပိုင်စစ်တပ်နှင့် ပြည်သူ့ပြောက်ကျားတပ်မတော်အဖွဲ့ တို့အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ထိုစစ်တပ်က ဆိုသည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားချိန် ၂၅ မိနစ်ကြာမြင့်ခဲ့ပြီး သုံးဦး သေဆုံးခဲ့ကြောင်း ထိုထုတ်ပြန်ချက်တွင် ထပ်လောင်းဖော်ပြထားသည်။
ထိုသူပုန်များထံမှ M16 ရိုင်ဖယ်သေနတ်တစ်လက်၊ ခဲယမ်းမီးကျောက်၊ မိုဘိုင်းဖုန်းများ၊ ဆိုလာပြား ငါးချပ် နှင့် ကျောပိုးအိတ်တစ်လုံးတို့ ရရှိခဲ့ကြောင်း ယင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။
ဖိလစ်ပိုင်အစိုးရကို ၁၉၆၉ ခုနှစ်ကတည်းက တိုက်ခိုက်နေခဲ့သော ထိုသူပုန်များသည် အာရှတွင် ကာလအရှည်ဆုံး တိုက်ခိုက်မှုများအနက် တစ်ခုဖြစ်သည်။
ထိုသူပုန်အုပ်စုအင်အားသည် ခန့်မှန်းခြေအားဖြင့် ၃၅၀၀ ရှိရာ ၁၉၈၀ ခုနှစ်က အင်အားအများဆုံး ဖြစ်သည့် ၂၅၀၀၀ ဝန်းကျင်ထက် အရေအတွက်မှာ သိသိသာသာ ပိုမိုနည်းပါးလာသည်။
ပြီးခဲ့သည့် ဆယ်စုနှစ်ငါးစုအတွင်း ထိုသူပုန်များသည် သတ်ဖြတ်မှုများ၊ စီးနင်းတိုက်ခိုက်မှုများ၊ ပြန်ပေးဆွဲမှုများ၊ ခြိမ်းခြောက်ငွေညှစ်မှုလုပ်ရပ်များနှင့် ဖိလစ်ပိုင်လုံခြုံရေးတပ်ဖွဲ့များကို အဓိက ဦးတည်သည့် အခြားသော အကြမ်းဖက်မှုပုံစံများကို ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


