နေပြည်တော် အောက်တိုဘာ ၄

 

ဖိလစ်ပိုင်နိုင်ငံ စိုက်ပျိုးရေးဝန်ကြီးဌာန၏ ဖိတ်ကြားချက်အရ ဖိလစ်ပိုင်နိုင်ငံ မက်ထရိုမနီလာ၊ ပါစေးမြို့တွင် အောက်တိုဘာ ၁ ရက်မှ ၃ ရက်အထိ ကျင်းပခဲ့သည့် (၄၇) ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမင်းနောင် ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့ ပါဝင်တက်ရောက်ကြသည်။

 

အစည်းအဝေးများသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံ၊ တီမောလက်စတေနိုင်ငံ၊ အပေါင်းသုံးနိုင်ငံများ ဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဂျပန် နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများ၊ အာဆီယံအတွင်းရေးမှူး ချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။

 

အောက်တိုဘာ ၁ ရက်တွင် ကျင်းပသည့် (၄၇)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေး နှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေးတွင် (၄၆)ကြိမ်မြောက် အာဆီယံလယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာဝန်ကြီးများ အစည်းအဝေး၏ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက တာဝန်ပြီးစီးမည့် ဥက္ကဋ္ဌ အနေဖြင့် မိန့်ခွန်းပြောကြားရာတွင် မြန်မာနိုင်ငံနှင့် ဝန်ကြီးဌာနအပေါ် ယုံကြည်မှုအပြည့်အဝဖြင့် မြန်မာနိုင်ငံမှ ဥက္ကဋ္ဌတာဝန်ယူစဉ်ကာလအတွင်း အာဆီယံ စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာမူဝါဒများ၊ လမ်းညွှန်ချက်များနှင့် အကောင်းဆုံးလုပ်ထုံး လုပ်နည်းများ စသည့်လုပ်ငန်းစဉ် ၁၆ ခုကို လက်ခံအတည်ပြုနိုင်ခဲ့ပြီး စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ လုပ်ငန်း အစီအစဉ် (၂၀၂၆-၂၀၃၀)ကိုလည်း အပြီးသတ်ဆွေးနွေးခဲ့ပြီးဖြစ်သည့်အတွက် ဤအစည်းအဝေးတွင် အတည်ပြုသွားမည် ဖြစ်ကြောင်းနှင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း သိသာထင်ရှားသည့် တိုးတက်မှုများ ရရှိခဲ့ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် အရေးပေါ် အခြေအနေများကို ကူညီဖြေရှင်းပေးခြင်းနှင့် စားရေရိက္ခာဖူလုံမှုကဏ္ဍတွင် ပံ့ပိုးကူညီမှုများအတွက် တရုတ်၊ ဂျပန်နှင့် ကိုရီးယားသမ္မတနိုင်ငံတို့ကို လည်း ကျေးဇူးတင်ရှိကြောင်း၊ ဥက္ကဋ္ဌတာဝန် ဆက်လက် ထမ်းဆောင်မည့် ဖိလစ်ပိုင်နိုင်ငံ၏ ဦးဆောင်မှုအပေါ် ယုံကြည်မှုအပြည့်ဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံမှ ကိုယ်စားလှယ်များအားလုံး ပူးပေါင်းဆောင်ရွက်ရေးနှင့် စည်းလုံးညီညွတ်မှုစိတ်ဓာတ်ဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားရန် တိုက်တွန်းပါကြောင်း ပြောကြားခဲ့ပြီး သဘာပတိတာဝန်အား ဖိလစ်ပိုင် နိုင်ငံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။

 

ထို့နောက် အစည်းအဝေးကို ဆက်လက်ကျင်းပခဲ့ရာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပခဲ့ သည့် (၄၆)ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် (၅၇)ကြိမ်မြောက် အာဆီယံစီးပွားရေး ဝန်ကြီးများအစည်းအဝေးတို့မှ ထွက်ပေါ်လာသည့် အရေးကြီးသည့်ရလဒ်များ၊ အာဆီယံစားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးမူဝါဒမူဘောင်အရ အကောင်အထည် ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ၂၀၄၅ ခုနှစ် ဆီသို့မျှော်မှန်းသည့် စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အာဆီယံခေါင်းဆောင်များ၏ ကြေညာချက်နှင့် အာဆီယံမူဘောင်၊ အာဆီယံ စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာလုပ်ငန်းအစီအစဉ် ၂၀၂၆-၂၀၃၀၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် အတူတကွ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးမှုများကို ဆွေးနွေးခဲ့ကြပြီး စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် အာဆီယံအဖွဲ့ဝင်နိုင်ငံများက ကတိကဝတ် ပြုကြသည်။

 

အစည်းအဝေးမှ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ဆောင်ရွက်ခဲ့သည့် အာဆီယံစားရေရိက္ခာ၊ စိုက်ပျိုး ရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ လုပ်ငန်းရပ်၂၃ ခုအား အတည်ပြု၍ ရှစ်ခုအား မှတ်တမ်းတင်ခဲ့သည်။ ထို့နောက် (၄၇)ကြိမ်မြောက် အာဆီယံလယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်အပေါ် အတည်ပြုခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

 

ဆက်လက်၍ (၂၅)ကြိမ်မြောက် အာဆီယံ အပေါင်းသုံး လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေးအား အောက်တိုဘာ ၂ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီတွင် ကျင်းပခဲ့ရာ အာဆီယံနှင့် အပေါင်းသုံးနိုင်ငံများအကြား စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တောကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (၂၀၁၆-၂၀၂၅)၊ အာဆီယံအပေါင်းသုံး အရေးပေါ်ဆန်အရန်ရိက္ခာ ထားရှိရေးသဘောတူညီချက်၊ အာဆီယံစားရေရိက္ခာဖူလုံရေး သတင်းအချက်အလက်အစီအစဉ် စသည်တို့ နှင့်စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုများ၊ ရေရှည် တည်တံ့သော သစ်တောကဏ္ဍစီမံခန့်ခွဲရေး၊ ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ သီးနှံအာမခံ၊ စားသောက်ကုန်တန်ဖိုးကွင်းဆက် မြှင့်တင်ရေးနှင့် တိရစ္ဆာန်နှင့် အပင်ရောဂါပိုးမွှားများ နယ်စပ်ဖြတ်ကျော်ရာတွင် ထိန်းချုပ်နိုင်ရေး စသည့်နယ်ပယ်များရှိ စီမံကိန်းများကို အောင်မြင်စွာအကောင်အထည်ဖော်နိုင်ခဲ့ကြောင်း ဆွေးနွေးခဲ့ကြပြီး အနာဂတ်ပူးပေါင်း ဆောင်ရွက်မှုအတွက်အရေးကြီးသော အာဆီယံအပေါင်းသုံး စားရေရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တော ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမဟာဗျူဟာ (၂၀၂၆-၂၀၃၅)အား အတည်ပြုခဲ့ကြသည်။ ထို့နောက် (၂၅)ကြိမ်မြောက် အာဆီယံအပေါင်းသုံး လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲကြေညာချက်ကို အတည်ပြုခဲ့ကြပြီး အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

 

မွန်းလွဲပိုင်းတွင် ဒုတိယအကြိမ်မြောက် အာဆီယံ- ဂျပန် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ ဝန်ကြီးများအစည်းအဝေးကို ကျင်းပရာ အာဆီယံ-ဂျပန် မီဒိုရီပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ အကောင်အထည်ဖော်ဆောင်ရွက်နေသည့် စီမံကိန်းနှင့်စပ်လျဉ်း၍ ဖြစ်ပေါ်တိုးတက်မှုများကို ဆွေးနွေး ခဲ့ကြပြီး စိုက်ပျိုးရေးဆိုင်ရာ ဆန်းသစ်တီထွင်မှုများမှတစ်ဆင့် ကြံ့ကြံ့ခံနိုင်ပြီး ရေရှည် တည်တံ့သော စိုက်ပျိုး ရေးနှင့် စားရေရိက္ခာစနစ်များကို ပူးပေါင်းဆောင်ရွက် မှုများမြှင့်တင်ရန် ကတိကဝတ်ပြုခဲ့သည်။ ထို့နောက် အာဆီယံ-ဂျပန် လယ်ယာစိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာ ဝန်ကြီးများအစည်းအဝေး၏ ပူးတွဲကြေညာချက်အပေါ် အတည်ပြုခဲ့ကြပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။

 

သတင်းစဉ်