ဖိလစ်ပိုင်နိုင်ငံ၌ မီးလောင်မှုဖြစ်ပွားသဖြင့် ကလေးငယ်လေးဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

နိုဝင်ဘာ ၂၃

ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း ဆီဘူမြို့ရှိ လူနေရပ်ကွက်တစ်ခုတွင် ယနေ့အစောပိုင်းကမီးလောင်မှုဖြစ်ပွားခဲ့ရာ ၁၁ လသားအရွယ် ယောက်ကျားလေး တစ်ဦးအပါအဝင် ကလေး လေးဦးသေဆုံးခဲ့ပြီး အခြားနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

အဆိုပါမီးလောင်မှုသည် ဒေသစံတော်ချိန် ယနေ့မနက် ၅ နာရီ ၅၁ မိနစ်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မနက် ၆ နာရီ ၁၅ မိနစ် ဝန်းကျင်တွင် မီးငြှိမ်းသတ်နိုင်ခဲ့သည်ဟု မီးသတ်သမားများက ဆိုသည်။

ထိုမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူကလေး လေးဦးတွင် အသက် ၁၁ နှစ်၊ ခြောက်နှစ်၊ တစ်နှစ်နှင့် ၁၁ လသားအရွယ်တို့ပါဝင်ကြောင်းနှင့် ၎င်းတို့အိပ်ပျော်နေချိန်တွင် မီးလောင်ကျွမ်းသဖြင့် ပိတ်မိနေခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

၎င်းတို့၏မိသားစုဝင်များဖြစ်သော အသက် ၃၁ နှစ်အရွယ်အမျိုးသားတစ်ဦးနှင့် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့သည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို