ဖိလစ်ပိုင်နိုင်ငံသို့ ယခုနှစ်ပထမနှစ်လအတွင်း တရုတ်ခရီးသွားဝင်ရောက်မှု တစ်နှစ်ထက်တစ်နှစ် ၂၃၅ ရာခိုင်နှုန်း မြင့်တက်

မတ် ၁၈

ဖိလစ်ပိုင်နိုင်ငံသို့ ၂၀၂၄ ခုနှစ် ပထမနှစ်လအတွင်း တရုတ်ခရီးသွားဝင်ရောက်မှုအရေအတွက်သည် တစ်နှစ်ထက်တစ်နှစ် ၂၃၅ ရာခိုင်နှုန်းမြင့်တက်လာကြောင်းဖိလစ်ပိုင်တာဝန်ရှိသူတစ်ဦးက ယမန်နေ့ကပြောကြားသည်။ ယခုနှစ် ဇန်နဝါရီနှင့် ဖေဖော်ဝါရီလတို့တွင် ဖိလစ်ပိုင်နိုင်ငံသို့ တရုတ်ခရီးသွား ၈၂၃၁၄ ဦး ဝင်ရောက်မှုရှိရာ တရုတ်ခရီးသွားများသည် ဖိလစ်ပိုင်နိုင်ငံသို့ ဝင်ရောက်သည့်ခရီးသွားများတွင် တတိယအများဆုံးဖြစ်ကြောင်း အောက်လွှတ်တော်ရှိ ခရီးသွားလာရေး ကော်မတီ ဒုတိယဉက္ကဌက ဖိလစ်ပိုင်ခရီးသွားဌာနမှအချက်အလက်ကိုကိုးကားပြောကြားခဲ့သည်။ ခရီးသွားလုပ်ငန်းသည် နိုင်ငံ၏စီးပွားရေးကို သိသိသာသာထောက်ပံ့ပေးသည်။ ၂၀၂၃ ခုနှစ်က နိုင်ငံခြားခရီးသွား ၅ ဒသမ ၄ သန်းကျော်ဖြင့် နိုင်ငံတကာခရီးသွားလုပ်ငန်းမှအမေရိကန်ဒေါ်လာ ၈ ဒသမ ၆၇ ဘီလီယံ အထိဝင်ငွေရရှိမှုမြင့်တက်ခဲ့သည်။ ယခုနှစ်ပထမနှစ်လတွင် ဖိလစ်ပိုင်နိုင်ငံသို့ နိုင်ငံခြားခရီးသွား ၁ ဒသမ ၀၉ သန်း ဝင်ရောက်မှုရှိရာ တောင်ကိုရီးယားနှင့်အမေရိကန်နိုင်ငံတို့မှခရီးသွားများ  အများဆုံးဝင်ရောက်ခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို