မနီလာ အောက်တိုဘာ ၁၀
ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်း ဒါဗောင်းပြည်နယ်ကမ်းလွန်၌ ၇ ဒသမ ၅ မဂ္ဂနီကျုအဆင့်ရှိ အင်အားပြင်း ငလျင်တစ်ခု အောက်တိုဘာ ၁၀ ရက် နံနက်ပိုင်း က လှုပ်ခဲ့ပြီးနောက် ဖိလစ်ပိုင်မီးတောင်နှင့် ငလျင် ဗေဒသိပ္ပံက မင်ဒနောင်းကျွန်းကမ်းခြေဒေသများအတွက် ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့သည်။
အဆိုပါငလျင်သည် အောက်တိုဘာ ၁၀ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၄၃ မိနစ်တွင် မနေးမြို့ အရှေ့မြောက်ဘက် ၄၄ ကီလိုမီတာခန့် မြေအောက်အနက် ၂၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။ ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဗေဒသိပ္ပံ၏ ကနဦးသတင်း ဖော်ပြချက်အရ ငလျင်၏ မဂ္ဂနီကျုသည် ၇ ဒသမ ၆ အဆင့်ရှိကြောင်း ဖော်ပြခဲ့သည်။
ကမ်းရိုးတန်းဒေသ၌ နေထိုင်သူများကို ကုန်းမြင့်ဒေသများသို့ ချက်ချင်းပြောင်းရွှေ့ရန်နှင့် ကမ်းခြေဒေသများမှ ဝေးရာတွင်နေထိုင်ကြရန် ဖိလစ်ပိုင်မီးတောင်နှင့် ငလျင်ဗေဒသိပ္ပံက လေးလေး နက်နက်အကြံပေးထားသည်။ ငလျင်ကြောင့် ၁ မီတာထက်ပိုသော အန္တရာယ်ရှိသည့် ဆူနာမီ လှိုင်းလုံးများသည် ငလျင်ဗဟိုချက်အနီးရှိ နေရာများကို မိနစ်ပိုင်းမှ နာရီပိုင်းအတွင်း ရိုက်ခတ်နိုင် ကြောင်းလည်း သတိပေးထားသည်။
အာဏာပိုင်များသည် ဖြစ်ပေါ်လာနိုင်သည့် နောက်ဆက်တွဲငလျင်ငယ်များ လှုပ်ခတ်မှုနှင့် ပင်လယ်ရေ မျက်နှာပြင် ပြောင်းလဲမှုကို ဆက်လက်စောင့်ကြည့်နေချိန်တွင် ငလျင်လှုပ်ခတ်မှုဖြစ်ပွားရာ ဒေသများ အနီးတွင် ငလျင်သတိပေးချက်များ ထုတ်ပြန်ထားသည်။
အင်အားပြင်းငလျင်ကြောင့် အဆောက်အအုံများ အက်ကွဲပြိုကျခဲ့သော်လည်း သေဆုံးသူသတင်း ဖော်ပြချက်များ မတွေ့ရသေးချေ။ ဖိလစ်ပိုင်နိုင်ငံသည် ပစိဖိတ်မီးကွင်းတစ်လျှောက် တည်ရှိသည့် နိုင်ငံဖြစ်သောကြောင့် ငလျင်လှုပ်ခတ်မှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။
ယခုငလျင်သည် ဖိလစ်ပိုင်နိုင်ငံအလယ်ပိုင်း ဆီဗူးပြည်နယ်ရှိ ဘိုဂိုနှင့် အနီးအနားရှိ ကျေးလက်မြို့ များတွင် အင်အား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ၁၀ ရက်အကြာတွင် ဖြစ်ပေါ်ခဲ့သည့် ငလျင်ဖြစ်သည်။ ၎င်းငလျင်လှုပ်ခတ်မှုတွင် အနည်း ဆုံး လူ ၇၂ ဦး သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
ဆင်ဟွာ


