ဖလမ်း ၂၂ ဒီဇင်ဘာ
လမ်းကြိတ်စက် ရိုလာယာဉ်တစ်စီးက ဖလမ်းမြို့၊ တလန်လိုရပ်ကွက်၊ ဗိုလ်ချုပ်လမ်းဘေးရှိ လူနေအိမ်နှစ်လုံးအား ဒီဇင်ဘာ ၂၂ ရက် နံနက် ၁၁ မိနစ် ၂၀ ခန့်က ဝင်တိုက်မှုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဖလမ်း-ဟားခါး ကားလမ်းအား လမ်းကြိတ်ပြုပြင်နေသော ယာဉ်မောင်း စိုင်းထွန်းအောင်သည် လမ်းကြိတ်စက် ရိုလာယာဉ်ဖြင့် လမ်းပြင်သည့်နေရာမှ ဖလမ်းမြို့၊ ကျင်မွာလ်ရပ်ကွက် မြို့ပြင်ရှိ လမ်းပြင်သည့် နေရာသို့ ဗိုလ်ချုပ်လမ်းအတိုင်း မောင်းနှင်လာစဉ် မိုင်တိုင်အမှတ် ၈၁/၀ သို့ မရောက်မီ လမ်းအကွေ့ကုန်းဆင်း၌ ကားဘရိတ်ပေါက်ပြီး မျက်နှာချင်းဆိုင်မှလာသော ယာဉ်အားရှောင်တိမ်းရာမှ လမ်း၏ ယာဘက်ရှိ ဦးဟရမ်းနယ်ထန်းနှင့် ဒေါ်ဆိုင်းမန်းလျန်တို့၏ နေအိမ်အား ဝင်တိုက်မိခဲ့ခြင်း ဖြစ်သည်။
ဖြစ်စဉ်ကြောင့် လူထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ မော်တော်ဆိုင်ကယ်တစ်စီး၊ ဦးဟရမ်းနယ်ထန်း နေအိမ်၏ မီးဖိုချောင်၊ ထမင်းစားခန်းများနှင့် ဒေါ်ဆိုင်းမန်းလျန်၏ နေအိမ် ရေချိုးခန်း၊ အဝတ်လျှော်စက်တို့ ပျက်စီးခဲ့သည်။
အဆိုပါ ဖြစ်စဉ်ကြောင့် ယာဉ်မောင်းတွင် ဒဏ်ရာရရှိခဲ့သဖြင့် ရဲဆေးစာဖြင့် ဖလမ်းမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကာ ၎င်းအား ဖလမ်းမြို့ မြို့မရဲစခန်းမှ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
ဂျွန်(ပြန်/ဆက်)


