ဖမ်းဆီးထားသည့် အီတလီ သုံးဦး ကို ဟားမတ်စ် တို့ပြန်လွှတ်

၁၆ ဇန်နဝါရီ

ဂါဇာရှိ ကုလသမဂ္ဂရုံး၌ ၂ ရက်ကြာဆွေးနွေးပွဲပြုလုပ်ပြီးနောက် အီတလီ လုံခြုံရေးတပ်ဖွဲ့ သုံးဦး ကို ယမန်နေ့ညပိုင်းက ဟားမတ်စ် တို့ပြန်လွှတ်ခဲ့ကြကြောင်း ပြည်တွင်း မီဒီယာက သတင်းဖော်ပြထားသည်။

တနင်္လာနေ့က ဂါဇာသို့ ရောက်ရှိလာခဲ့သည့် အီတလီ လုံခြုံရေးတပ်ဖွဲ့များ ဖြစ်ကြောင်း သေချာစေရန် အစ္စရေးနိုင်ငံဆိုင်ရာ အီတလီ သံအမတ် ဂျီအန်လုဂျီ ဘီနီဒတ်တီ က ယနေ့လာရောက် စစ်ဆေးမည် ဖြစ်ကြောင်း  ပြည်တွင်းမီဒီယာက ဖော်ပြထားသည်။

ပြီးခဲ့သည့်တနင်္လာနေ့မွန်းလွဲပိုင်းက  သံတမန်ကားနံပါတ်တပ်ဆင်ထားသော ယာဉ်ကို ဟားမတ်စ်လုံခြုံရေးတပ်ဖွဲ့များက လိုက်လံပစ်ခတ်ခဲ့သော်လည်း ၎င်းယာဉ်မှာ လွတ်မြောက်ခဲ့ပြီး ဂါဇာ အနောက်ပိုင်းရှိ ကုလသမဂ္ဂရုံးတွင် ခိုလှုံခဲ့ကြောင်း သတင်းဖော်ပြထားသည်။

ဟားမတ်စ် နှင့် အခြားသော လက်နက်ကိုင်စစ်သွေးကြွ အုပ်စုများသည် ယင်းကုလသမဂ္ဂရုံးကို ဝိုင်းထားပြီး မောင်းပြန် ရိုင်ဖယ်သေနတ် ကိုင်ဆောင်ထားသော အီတလီ သုံး ဦးသည် အစ္စရေးစစ်တပ်၏ စစ်ထောက်လှမ်းရေး အဖွဲ့ဝင်များ ဖြစ်နိုင်သဖြင့် စိုးရိမ်မိပြီး ၎င်းတို့ကို စစ်ဆေးမေးမြန်းရန် တောင်းဆိုခဲ့ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

အီတလီသံအမတ်ကြီးသည် ဟားမတ်စ် ပေါ်လစ်ဗျူရို  အကြီးအကဲ အစ္စမေးလ် ဟာနီရက်နှင့် ကြားဝင်ဆွေးနွေးခဲ့ပြီးနောက် ဟားမတ်စ်လုံခြုံရေးတပ်ဖွဲ့များက ယင်းအီတလီ သုံးဦးကို မေးမြန်း စစ်ဆေးပြီး ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

ကိုးကား ဆင်ဟွာ
ဘာသာပြန် မြင့်မြင့်ချို