ဖူဆယ်လိဂ်ပြိုင်ပွဲတွင် MIC အသင်း ကိုးပွဲဆက်အနိုင်ရလဒ်ဖြင့် ထိပ်ဆုံးရောက်လာ

ရန်ကုန် ၈ ဇန်နဝါရီ

 

၂၀၁၈-၂၀၁၉ ရာသီ ဖူဆယ်လိဂ်ပြိုင်ပွဲ ပွဲစဉ်(၉)ကို ယနေ့နံနက်ပိုင်းက အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ပြန်လည်ကျင်းပရာ MIC အသင်း ကိုးပွဲဆက် အနိုင်ရလဒ်ဖြင့် ထိပ်ဆုံးနေရာသို့ ရောက်ရှိလာကြောင်း သိရသည်။

 

ယနေ့ကျင်းပသည့် ပွဲစဉ် (၉) တွင် ရှစ်ပွဲဆက် အနိုင်ရထားပြီး ထိပ်ဆုံးနေရာတွင် အပြိုင်ဖြစ်နေသည့် MIC နှင့် VUC အသင်းတို့ ထိပ်တိုက်တွေ့ဆုံသည့် ပွဲပါဝင်ခဲ့ပြီး နိုင်ပွဲရရေး အစွမ်းကုန်ကြိုးစားခဲ့သည်။

 

ပြိုင်ပွဲကို တစ်လကျော်ရပ်နားပြီး ပြန်လည်ကျင်းပခြင်း ဖြစ်သောကြောင့် အသင်းအများစုမှာ ပုံစံကောင်းရရန် ရုန်းကန်ခဲ့ရသည်။ MIC နှင့် VUC အသင်းတို့ပွဲတွင် MIC အသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့ပြီး ကိုးပွဲဆက် အနိုင်ရလဒ်နှင့်အတူ ၂၇ မှတ်ဖြင့် ထိပ်ဆုံးနေရာတွင် လွတ်လွတ်ကျွတ်ကျွတ် ဦးဆောင်နိုင်ခဲ့သည်။

 

ပထမပိုင်းတွင် တစ်ဂိုးစီ သရေကျနေသော်လည်း MIC အသင်းက ဒုတိယပိုင်းတွင် သွင်းယူသည့်နှစ်ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ အခြားပွဲများတွင် GV Athletic အသင်းက မြို့မအသင်းကို သုံးဂိုး-တစ်ဂိုး၊ AMM အသင်းက White Colour အသင်းကို ရှစ်ဂိုး-သုံးဂိုး၊ Comrade အသင်းက UPT အသင်းကို သုံးဂိုး-တစ်ဂိုး၊ ရွှေမြဝတီအသင်းက ယူ-၁၉ အသင်းကို ခြောက်ဂိုး-နှစ်ဂိုး၊ Titan  XII အသင်းက PU အသင်းကို လေးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ 

 

MIC အသင်းသည် ကိုးပွဲဆက် အနိုင်ရခဲ့သည့်အပြင် ထိပ်ဆုံးနေရာအတွက် အဓိကပြိုင်ဘက်ဖြစ်သည့် VUC အသင်းကို အနိုင်ရခဲ့သောကြောင့် ရာသီဝက်ချန်ပီယံဖြစ်ရန် နီးစပ်သွားခဲ့သည်။ ပထမအကျော့ပြီးဆုံးရန် ပွဲစဉ်နှစ်ခုသာ လိုတော့ကြောင်း သိရသည်။

 

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-စိုးညွန့်