ဖူကူရှီးမား စွန့်ပစ်ရေနှင့် နောက်ဆက်တွဲအကျိုးဆက်များ

တက္ကသိုလ်မောင်ရူပ

(ယမန်နေ့မှအဆက်)

ဂျပန်အစိုးရရဲ့အစီအစဉ်ဟာ ပြည်ပမှာသာမက ပြည်တွင်းမှာလည်း ကန့်ကွက်မှုတွေ ကြုံတွေ့နေရပါတယ်။ အထူးသဖြင့် ဖူကူရှီးမားဒေသမှာရှိတဲ့ ရေလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုနေသူတွေအနေနဲ့ သူတို့ဒေသရဲ့ ရေထွက်ကုန်တွေရဲ့ နာမည်ကျော်ကြားမှုတွေအပေါ် ထိခိုက်မှုရှိလာမှာကို စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါအနေနဲ့ ပြန်လည်သန့်စင်ပြီး ရေတွေ စတင်မစွန့်ပစ်မီ ရက်ပိုင်းအလို ဩဂုတ်လ ၂၁ ရက်နေ့က ဂျပန်နိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ Masanobu Sakamoto နဲ့ သွားရောက်တွေ့ဆုံ ရှင်းလင်းပြောကြားခဲ့ပြီး ရေလုပ်ငန်းရှင် တွေရဲ့ နားလည်မှုကိုရယူဖို့ ကြိုးစားခဲ့ပါတယ်။ ဝန်ကြီးချုပ် ဖူမီယိုကီရှီဒါ ကိုယ်တိုင်လည်း ဖူကူရှီးမားဒေသက ပင်လယ်ရေထွက်ကုန်တွေဟာ လူတွေ စားသောက်ဖို့ လုံခြုံစိတ်ချရမှုရှိတယ် ဆိုတာပြနိုင်ဖို့ ဩဂုတ်လ ၃၀ ရက်နေ့က ဝန်ကြီးချုပ်ရုံးမှာ ဖူကူရှီးမားဒေသက ပင်လယ်ရေထွက် အစားအစာတွေနဲ့ နေ့လယ်စာ စားပြခဲ့ပါတယ်။

သို့သော်လည်း ၂၀၁၁ ခုနှစ် ဖူကူရှီးမား အဏုမြူဓာတ်အားပေးစက်ရုံ ထိခိုက်ပျက်စီးခဲ့ပြီး ရေဒီယိုသတ္တိကြွပစ္စည်းတွေ ပင်လယ်ထဲစီးဝင်မှု ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း နိုင်ငံပေါင်း ၅၅ နိုင်ငံဟာ ဂျပန်နိုင်ငံက စားသောက်ကုန်နဲ့ ရေထွက်ပစ္စည်းတင်သွင်းမှုကို ပိတ်ပင် ခဲ့တဲ့အတွက် ငါးလုပ်ငန်းကဏ္ဍဟာ အထိနာခဲ့ပါတယ်။ အဲဒီလို ကန့်သတ် ပိတ်ပင်ထားတာတွေကို အခုအချိန်မှာ နိုင်ငံအတော်များများက ပြန်လည် ရုပ်သိမ်းပေးထားချိန်မှာမှ စွန့်ပစ်ရေကိစ္စနဲ့ပတ်သက်ပြီး ပြန်လည်ပိတ်ပင်ခံရမယ့် အရေးကို ဂျပန်ရေထွက်ပစ္စည်း လုပ်ငန်းရှင်တွေအနေနဲ့ အထူးစိုးရိမ်ပူပန်လျက် ရှိနေတာဖြစ်ပါတယ်။

သုံးသပ်ချက်

အထက်မှာဖော်ပြခဲ့သလို သဘာဝဘေးအန္တရာယ်ကြောင့် ဖူကူရှီးမား အဏုမြူဓာတ်ပေါင်းဖို ထိခိုက်ပျက်စီးခဲ့ရတာဟာ ဂျပန်နိုင်ငံအတွက် ကံမကောင်း အကြောင်းမလှတဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ် ယခင်ဆိုဗီယက်ပြည်ထောင်စု ချာနိုဘိုင်းလ် အဏုမြူဓာတ်ပေါင်းဖို မတော်တဆမှု ဖြစ်စဉ်ပြီးရင် ဖူကူရှီးမား အဏုမြူ ဓာတ်ပေါင်းဖို ထိခိုက်ပျက်စီးမှုဖြစ်စဉ်ဟာ သမိုင်းမှာ အဆိုးရွားဆုံးဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒီသဘာဝဘေးကြောင့် ဖူကူရှီးမားဒေသတွင်းမှာသာမကဘဲ ကျန်ပတ်ဝန်းကျင်ဒေသတွေဖြစ်တဲ့ အီဝါတေး (Iwate)၊ မီယာဂီ (Miyagi) ပြည်နယ်တွေကိုလည်း ထိခိုက်ခဲ့ပါတယ်။ တိုဟိုကုဒေသ (Tohoku region) တွင်းမှာရှိတဲ့ လူပေါင်း ၁၉၈၂၄ ဦး အသက်ဆုံးရှုံးခဲ့ရသလို လူ ၁၀ သန်း ကျော်ကို ဘေးလွတ်ရာဒေသတွေကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ဒီဒေသရဲ့ စတုရန်းကီလိုမီတာ ၁၇၀၀ ကျော် မြေနေရာတွေဟာ အဏုမြူဓာတ်ရောင်ခြည်ပစ္စည်းတွေ သက်ရောက်မှုရှိခဲ့ပါတယ်။ ဒေသတွင်းမှာရှိတဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေ၊ လယ်ယာစိုက်ပျိုးရေးနဲ့ ငါးဖမ်းလုပ်ငန်း စတဲ့စီးပွားရေးလုပ်ငန်း တွေအပေါ် ဆိုးကျိုးသက်ရောက်မှုတွေ ဖြစ်စေခဲ့သလို ရေဒီယိုသတ္တိကြွရေတွေကို ပြန်လည်သန့်စင်ရတဲ့ လုပ်ငန်းတွေ၊ သိုလှောင်ထိန်းသိမ်းထားရတဲ့ လုပ်ငန်းတွေအတွက်လည်း ငွေကြေးအမြောက် အမြားကျခံသုံးစွဲခဲ့ရပါတယ်။ သတင်း ဌာနတွေရဲ့ ထုတ်ပြန်ချက်တွေအရဆိုရင် ဖူကူရှီးမားအဏုမြူ မတော်တဆမှုနဲ့ ပတ်သက်ပြီး ဂျပန်အစိုးရဟာ ဒေါ်လာ ၃၀၀ ဘီလီယံ ကျခံသုံးစွဲခဲ့ရတယ်လို့ သိရပါတယ်။ တချို့သောကုန်ကျစရိတ်တွေကို ဖူကူရှီးမားအဏုမြူဓာတ်ပေါင်းဖိုတွေကို တာဝန်ယူဆောင်ရွက်နေတဲ့ တိုကျိုလျှပ်စစ်ဓာတ်အား ကုမ္ပဏီ (TEPCO) ကလည်း ကျခံခဲ့ရပါတယ်။

အထူးသဖြင့် အဏုမြူဓာတ်သတ္တိကြွ မြေယာတွေကို ပြန်လည်သန့်စင် ရှင်းလင်းရေးလုပ်ရတဲ့ လုပ်ငန်းတွေ၊ အဏုမြူ ဓာတ်သတ္တိကြွရေတွေကို ပြန်လည်သန့်စင်ရေး လုပ်ငန်းတွေနဲ့ သိုလှောင်ထိန်းသိမ်းထားရတဲ့ ကုန်ကျစရိတ်တွေ အများအပြားရှိခဲ့ပါတယ်။ အခုအချိန်မှာ ပြုပြင်ပြီးရေတွေ သိုလှောင်ထားနိုင်တဲ့ပမာဏ ကျော်လွန် ရောက်ရှိတော့မှာဖြစ်သလို မြေငလျင်လို သဘာဝဘေးအန္တရာယ် တစ်ခုခုများ ထပ်ပြီးဖြစ်လာခဲ့ရင် သန့်စင်ပြီးသားရေတွေ အထိန်းအကွပ်မဲ့ ပင်လယ်ပြင်ထဲ စီးဆင်းသွားနိုင်တဲ့ အန္တရာယ်ကိုလည်း ဂျပန်အစိုးရဟာ အထူးစိုးရိမ်နေပါတယ်။ ဒါကြောင့်မို့ ဂျပန်နိုင်ငံအတွက် အခြားရွေးချယ်ဖို့နည်းလမ်းမရှိဘဲ ပစိဖိတ် သမုဒ္ဒရာအတွင်း ပြန်လည်စွန့်ပစ်ဖို့သာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ မစွန့်ပစ်မီမှာလည်း ဂျပန်အစိုးရဟာ ပြန်လည်စွန့်ပစ်မယ့်ရေတွေဟာ လူသားတွေရဲ့ ကျန်းမာရေးအတွက်ရော၊ သဘာဝပတ်ဝန်းကျင်အပေါ်မှာရော သက်ရောက် မှုမရှိနိုင်ဘူးလို့ သိပ္ပံနည်းကျတွက်ချက်မှုတွေ ပြုလုပ်ခဲ့ပြီး ရလဒ်တွေကိုလည်း နိုင်ငံတကာကို သံတမန်နည်းလမ်း တွေကတစ်ဆင့် အဆက်မပြတ်အသိပေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဂျပန်ရဲ့ အိမ်နီးချင်းဖြစ်တဲ့ တရုတ်နိုင်ငံကတော့ သူတို့ရဲ့စိုးရိမ်ပူပန်မှုတွေကို ပွင့်ပွင့်လင်းလင်းပဲ ထုတ်ဖော်ပြောကြားခဲ့တာကို တွေ့နိုင်ပါတယ်။ ရေဒီယိုသတ္တိကြွပြီး ပြန်လည်သန့်စင်ထားတဲ့ ရေတွေကို ပင်လယ်ပြင်အတွင်း စွန့်ပစ်တာဟာ နောင်မှာ အစဉ်အလာတစ်ခုဖြစ်သွားမှာကို အလေးထားထောက်ပြခဲ့ပါတယ်။ တစ်ချိန်တည်းမှာ ဂျပန်နိုင်ငံကနေ အများအပြားတင်သွင်းနေတဲ့ ပင်လယ်ရေထွက် စားသောက်ကုန် ပစ္စည်းတွေကြောင့် တရုတ်နိုင်ငံသား စားသုံးသူတွေအပေါ်မှာ သက်ရောက်မှုတွေ ဖြစ်လာမှာကိုလည်း လိုလားနှစ်သက်မှာမဟုတ်ဘူးဆိုတာ တွေ့နိုင်ပါတယ်။

ဒါကြောင့် ဂျပန်နိုင်ငံက ပြန်လည် သန့်စင်ပြီးရေတွေ ပင်လယ်ထဲ စတင် စွန့်ပစ်တော့မယ်လို့ ရက်သတ်မှတ် ကြေညာပြီးကတည်းက တရုတ်နိုင်ငံဟာ ဂျပန်နိုင်ငံရဲ့ ဖူကူရှီးမားပြည်နယ် အပါအဝင် ပြည်နယ် ၁၀ ခုက တင်သွင်း လာတဲ့ ရေထွက်ပစ္စည်းတွေကို ၂၀၂၃ ခုနှစ် ဇူလိုင်လကစပြီး ရေဒီယိုသတ္တိကြွမှု စစ်ဆေးခြင်း (Radiation test) ကို ပိုမို တင်းကျပ်စွာ ပြုလုပ်လာခဲ့ပါတယ်။ ဒီလို စစ်ဆေးမှုပြုလုပ်ခြင်းကပင် ဂျပန်ရေထွက်ပစ္စည်း တင်ပို့မှုတွေအပေါ် ထိခိုက်စေခဲ့ပါတယ်။

သန့်စင်ပြီးရေတွေ ပင်လယ်ထဲ စတင်စွန့်ပစ်ခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့ မှာတော့ တရုတ်နိုင်ငံဟာ ဂျပန်နိုင်ငံ တစ်ဝန်းလုံးက ရေထွက်ပစ္စည်းအားလုံး တင်သွင်းမှုကို ပိတ်ပင်ခဲ့ပါတယ်။ ဟောင်ကောင်ဒေသကတော့ ဂျပန်နိုင်ငံရဲ့ ပြည်နယ် ၁၀ ခုက တင်သွင်းလာတဲ့ ရေထွက်ပစ္စည်းတွေကို ပိတ်ပင်ခဲ့ပါတယ်။ ဒီလိုပိတ်ပင်မှုတွေဟာ ဂျပန်နိုင်ငံ အစိုးရအတွက်ရော၊ ရေထွက်ပစ္စည်း တင်ပို့သူတွေအတွက်ရော စိတ်ပူပင် စရာဖြစ်ပါတယ်။ ၂၀၂၂ ခုနှစ် စာရင်းတွေအရ ဂျပန်နိုင်ငံက တင်ပို့ခဲ့တဲ့ ရေထွက်ပစ္စည်း ပမာဏစုစုပေါင်းရဲ့ ၂၂ ဒသမ ၅ ရာခိုင်နှုန်း (ဒေါ်လာ ၉၄၂ ဒသမ ၄ သန်း) က တရုတ်နိုင်ငံကို တင်ပို့ခဲ့တာဖြစ်ပြီး ၁၉ ဒသမ ၅ ရာခိုင် နှုန်း (ဒေါ်လာ ၄၃၂ ဒသမ ၃ သန်း) က ဟောင်ကောင်ဒေသကို တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ 

ယခုလိုပိတ်ပင်ခဲ့တဲ့ တရုတ်နဲ့ ဟောင်ကောင်တို့ဟာ ဂျပန်ရဲ့ပင်လယ်စာ တင်ပို့မှုမှာ အဓိကဈေးကွက်ကြီးတွေဖြစ်သလို ဒဏ်ခတ်မှုကနေ ဂျပန် ပင်လယ်ရေထွက်ပစ္စည်းတွေရဲ့ ဂုဏ်သိက္ခာ ထိခိုက်လာမှာကိုလည်း ဂျပန်အစိုးရဟာ အထူးစိုးရိမ်လျက်ရှိပါတယ်။ ဒါကြောင့် ကျန်နိုင်ငံတွေက အလားတူ အရေးယူဆောင်ရွက်မှုမျိုး ပြုလုပ်လာခြင်း မရှိစေဖို့ ဂျပန်အစိုးရဟာ သံတမန် နည်းလမ်းအရ အစွမ်းကုန်ကြိုးပမ်းလျက် ရှိနေပါတယ်။ သံတမန်နည်းလမ်းအရ ကြိုးပမ်းမှုမအောင်မြင်ခဲ့ရင် တရုတ်နိုင်ငံရဲ့ ပိတ်ပင်မှုကို ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့ကြီး (World Trade Organization-WTO) ထံ တင်ပြဖြေရှင်းသွားမယ်လို့ တောင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Yoshimasa Hayashi က ဩဂုတ်လ ၂၉ ရက်နေ့က ပြောကြားခဲ့ပါတယ်။ 

တကယ်ဆိုရင် ဖူကူရှီးမား အဏုမြူ ဓာတ်ပေါင်းဖို မတော်တဆမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သန့်စင်ပြီးရေတွေ ပင်လယ်ထဲ ပြန်လည်စွန့်ပစ်ရေးဟာ ဂျပန်နိုင်ငံ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေအနက် တစ်စိတ်တစ်ပိုင်း မျှသာဖြစ်တယ်လို့ ပြောလို့ရပါတယ်။ ဖူကူရှီးမားမှာ အဏုမြူဓာတ်ပေါင်းဖို ခြောက်လုံးရှိတဲ့အနက် ၂၀၁၁ ခုနှစ် မြေငလျင်နဲ့နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေကြောင့် ဓာတ်ပေါင်းဖို သုံးလုံးမှာရှိတဲ့ အဏုမြူလောင်စာတောင့် တွေဟာ အပူချိန် မတရားလွန်ကဲပြီး အရည်ပျော်ကုန်တာဖြစ်ပါတယ်။ အဲဒီ အရည်ပျော်နေတဲ့ လောင်စာတောင့်တွေကို အေးသွားအောင် ရေပမာဏ အများအပြား အသုံးပြုအအေးခံရာကနေ အဏုမြူဓာတ်သတ္တိကြွရေတွေ ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ဒီရေတွေ ကို သိပ္ပံနည်းကျ ပြန်လည်သန့်စင်ပြီး ပင်လယ်ပြင်ထဲ ပြန်လည်စွန့်ပစ်ရေး ကိုတောင် မတော်တဆမှုဖြစ်ပြီး ၁၂ နှစ် ကြာလာတဲ့အချိန်မှ စတင်ဆောင်ရွက်နိုင်တာကို တွေ့ရပါတယ်။ တကယ် ဆိုရင် ဖြေရှင်းဖို့ ကျန်ရှိနေသေးတဲ့ စိန်ခေါ်မှုတွေက သူ့ထက် အဆများစွာ ပိုပါတယ်။

အဲဒါကတော့ အဏုမြူဓာတ်ပေါင်းဖို သုံးလုံးထဲမှာ ရှိနေသေးတဲ့ ချော်ရည်လို အရည်ပျော်နေတဲ့ အဏုမြူလောင်စာ တောင့်တွေဖြစ်ပါတယ်။ စုစုပေါင်း တန်ချိန် ၉၀၀ လောက်ရှိနေတဲ့ ဒီလောင်စာတောင့်တွေ ဓာတ်ပေါင်းဖိုထဲမှာ ဘယ်လိုပုံစံဖြစ်နေတယ်၊ ဘယ်လို သန့်ရှင်းရေး ပြုလုပ်ရမလဲဆိုတာက အဓိကပြဿနာဖြစ်ပါတယ်။ အပူချိန် လွန်ကဲမှု၊ အဏုမြူဓာတ်သတ္တိကြွ ပြင်းအားများပြားမှုတို့ကြောင့် လူတွေ အနားကပ်လို့မရတဲ့ နေရာလည်း ဖြစ်ပါတယ်။ 

ဂျပန်နိုင်ငံကတော့ လက်ရှိမှာ အဝေးကနေ ထိန်းချုပ်မောင်းနှင်နိုင်တဲ့ အဆင့်မြင့်စက်ရုပ်တွေ အသုံးပြုပြီး အဏုမြူဓာတ်ပေါင်းဖို အတွင်းပိုင်းနေရာ တွေကို လေ့လာနိုင်ဖို့ ကြိုးပမ်းနေပါတယ်။ ဒီလောင်စာတောင့်တွေ ရှင်းလင်း သန့်ရှင်းရေးပြုလုပ်နိုင်ဖို့ကိစ္စကို အပြုသဘောအမြင်နဲ့ စဉ်းစားရင်တောင် နှစ်ပေါင်း ၃၀ ကနေ ၄၀ အထိ ကြာမြင့်နိုင်ပြီး ကုန်ကျစရိတ်ကလည်း အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံအထိ ကုန်ကျမယ်လို့ တွက်ချက်ထားကြတဲ့ အတွက် အခက်အခဲရဲ့ ပမာဏကို ခန့်မှန်းကြည့်နိုင်ပါတယ်။

အကျဉ်းချုပ်ရရင် ဂျပန်နိုင်ငံ ဖူကူရှီးမားဓာတ်ပေါင်းဖိုက အဏုမြူသတ္တိကြွရေတွေကို ပြန်လည်သန့်စင်ပြီး ပင်လယ်ပြင်တွင်း စွန့်ပစ်တဲ့ဖြစ်စဉ်ကြောင့် လူသားတွေအတွက် ရေရှည်ဘေးထွက် ဆိုးကျိုးတွေ ရှိလာနိုင်မလားဆိုတာ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ အနည်းနဲ့အများတော့ စိတ်ပူပင်ကြမှာဖြစ်တယ်ဆိုတာ မငြင်းနိုင်တဲ့ အချက်ဖြစ်ပါတယ်။ ဒီစွန့်ပစ်မှုကနေ မည်သည့်ဘေးထွက် ဆိုးကျိုးမှ ဖြစ်မလာစေဖို့လည်း အားလုံးက မျှော်လင့်ကြမှာဖြစ်ပါတယ်။ ဂျပန် အစိုးရတာဝန်ရှိသူတွေကတော့ သန့်စင်ပြီး ရေတွေ ပြန်လည်စွန့်ပစ်တဲ့နေ့ကစပြီး ဖူကူရှီးမားအဏုမြူဓာတ်ပေါင်းဖိုအနီး ပင်လယ်ပြင်မှာ ထရစ်တြီယံ (Tritium) ဓာတ်သတ္တိကြွမှုတွေ မြင့်တက်လာနိုင်မှုကို နေ့စဉ်တိုင်းတာမှုတွေ ပြုလုပ်လျက် ရှိရာမှာ မြင့်တက်လာမှုမရှိတာကို တွေ့မြင်ရတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

သို့သော်လည်း ယခုပြန်လည်စွန့်ပစ်မှုလုပ်ငန်းစဉ်ဟာ နှစ်ပေါင်း ၃၀ လောက် အချိန်ယူဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် အနာဂတ်မျိုးဆက်တွေ လက်ထက်မှာလည်း ဘေးထွက်ဆိုးကျိုးတွေ မရှိလာပါစေနဲ့လို့ မျှော်လင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

ရည်ညွှန်း

ဂျပန်နိုင်ငံ စနစ်တကျကိုင်တွယ် ဖြေရှင်းနေရတဲ့ ဖူကူရှီးမားဓာတ်ပေါင်း ဖို အဏုမြူစွန့်ပစ်ပစ္စည်း အခက်အခဲ (တက္ကသိုလ်မောင်ရူပ) ၂၀၂၂ ဖေဖော် ဝါရီ ၂၄၊ ၂၅ ၊ ၂၆ မြန်မာ့အလင်း သတင်းစာ

The Fukushima Disaster by Wise World Information Service on Energy

Japan’s news resources (Japan Times, Japan News, Nikkei Asia, Kyodo News, Japan Today)