ပီအက်စ်ဂျီအသင်းဟာ ဇန်နဝါရီ ၈ ရက် ညပိုင်းက မာဆေးလ်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်စူပါဖလားပွဲစဉ်မှာ မာဆေးလ်အသင်းကိုအနိုင်ရပြီး  ပြင်သစ်စူပါဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ပြင်သစ်ပထမတန်းချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့  မာဆေးလ်အသင်းတို့ရဲ့ ပြင်သစ်စူပါဖလား နောက်ဆုံးဗိုလ်လုပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းက ပထမပိုင်းပွဲကစားချိန် ၁၃  မိနစ်မှာ  ဒမ်ဘီလီရဲ့ သွင်းဂိုးနဲ့  ဦးဆောင်ဂိုး  စတင်ရရှိခဲ့ပြီး ချေပဂိုးတစ်ဂိုးနဲ့ ဦးဆောင်ဂိုးတစ်ဂိုး ပြန်လည်ခွင့်ပြုပေးလိုက်ရပေမယ့် သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပို ငါးမိနစ်မှာ  ဂွန်ကာလိုရာမို့စ်ရဲ့  သွင်းဂိုးထပ်မံရရှိခဲ့တာကြောင့်   တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီလို ပီအက်စ်ဂျီအသင်းနဲ့ မာဆေးလ်အသင်းတို့ပွဲစဉ်မှာ သာမန်ပွဲကစားချိန်အတွင်း  တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ ပီအက်စ်ဂျီအသင်း  ဂိုးသမား ချီဗာလီယာက မာဆေးလ်ကစားသမား မက်အိုရီလေးနဲ့ ဟာမက်ထရာအိုရီတို့ရဲ့ ပင်နယ်တီကန်သွင်းမှုတွေကို အကောင်းဆုံးဟန့်တားနိုင်ခဲ့ပြီး ဂွန်ကာလိုရာမို့စ်၊ ဗီတင်ဟာ၊  နူနိုမန်ဒက်စ်၊ ဒီဇိုင်းယားဒရူးတို့ကလည်း ပင်နယ်တီကနေ ဂိုးအဖြစ်ပြောင်းလဲနိုင်ခဲ့လို့ ပီအက်စ်ဂျီအသင်းက လေးဂိုး-တစ်ဂိုးနဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်းအနေနဲ့ ပြင်သစ်စူပါဖလားနောက်ဆုံးဗိုလ်လုပွဲစဉ်မှာ မာဆေးလ်အသင်းကို အနိုင်ရရှိခဲ့ပြီးနောက် ၁၃ နှစ်တာကာလအတွင်း ပြင်သစ်စူပါဖလားကို ၁၂ ကြိမ်အထိ ရယူဆွတ်ခူးနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။

ဒါ့ပြင် ပီအက်စ်ဂျီအသင်းအနေနဲ့ လက်ရှိအချိန်မှာ ပြင်သစ်စူပါဖလားကို ၁၄ ကြိမ်အထိ ရယူဆွတ်ခူးနိုင်ခဲ့တဲ့ စံချိန်ကောင်းတစ်ခုကိုလည်း ပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီဖြစ်ပါတယ်။

ငွေကြယ်