ပီရူးနိုင်ငံ၌ တောမီးလောင်ကျွမ်းမှုကြောင့် သေဆုံးသူ ငါးဦးရှိလာ

ဩဂုတ် ၂၄

ပီရူးနိုင်ငံတောင်ပိုင်း အပါရီမတ်ဒေသတွင် တောမီးလောင်ကျွမ်းမှုကြောင့် လူနှစ်ဦး၏အလောင်းကိုထပ်မံတွေ့ရှိခဲ့ပြီးနောက် သေဆုံးသူ ငါးဦးအထိ မြင့်တက်လာကြောင်း အာဏာပိုင်များက ယမန်နေ့ကပြောကြားသည်။

အေမာရေ့စ်ပြည်နယ်၏ ကျန်းမာရေးအာမခံကွန်ရက်အကြီးအကဲ ဩဂတ်တိုမာဒိုနာဒိုက ထပ်မံတွေ့ရှိခဲ့သည့် အလောင်းနှစ်လောင်းသည် ဒေသခံများဖြစ်သည့် ဂျူအန်ရိုမီရိုအေကီပါ ၂၂ နှစ်နှင့် ဒန်နီရယ်လ် ကိုကာဘန်နီတတ်ဇ် ၆၃ နှစ်တို့ဖြစ်ကြောင်း ပီရူး နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနကို ပြောကြားခဲ့သည်။

အဆိုပါတောမီးသည် အီဟူလိုခရိုင် အေမာရေ့စ်ပြည်နယ်တွင် ဩဂုတ်လ ၂၀ ရက်က စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

ထိုတောမီးလောင်ကျွမ်းမှုကြောင့် သဘာဝပတ်ဝန်းကျင်နှင့် မွေးမြူရေးတိရစ္ဆာန်များ ပျက်စီးဆုံးရှုံးမှုများပြားခဲ့သည်ဟု သိရသည်။

မီးသတ်သမားများ၊ လုံခြုံရေးတပ်ဖွဲ့များ၊ စစ်တပ်နှင့် အမျိုးသားရဲတပ်ဖွဲ့တို့က ထိုတောမီးလောင်ကျွမ်းမှုကို ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို