ပိန္နဲသီးငါးဆုပ်

၁၂ မေ

 

ပိန္နဲပင်ဟာ ပြည်တွင်းမှာ ဒေသအနှံ့အပြား ပေါက်ရောက်ရှင်သန်နိုင်တာမို့ ပိန္နဲသီးကိုလည်း သရေစာအသီးအနှံအဖြစ် နှစ်သက်သူတွေ များလှပါတယ်။ ပိန္နဲသီးမှာ အိမ်မာ၊ အိမ်ပျော့ဆိုပြီး အမွှာ အပျော့၊ အမာကိုလိုက်ကာ နှစ်မျိုးရှိတဲ့အနက် အိမ်မာကို ပိုပြီးကြိုက်သူများပါတယ်။ ပိန္နဲပင်အသီးသီးတဲ့အခါ ပင်စည်တွေ၊ အကိုင်းတွေ ကနေ ခွေးနို့စို့သလို အများအပြား ပြွတ်သိပ်နေအောင်သီးတတ်တာမို့ အိမ်မှာ ပိန္နဲတစ်ပင်ရှိရင် စားလို့မကုန်၊ ပေးလို့မကုန်ပါပဲ။

 

မိမိသတိထားမိတာက မိမိတို့ငယ်စဉ်အချိန်က ပိန္နဲသီးဟာရောင်းစားရတဲ့ ရောင်းကုန်သီးနှံမဟုတ်ပါဘူး။ တစ်အိမ့်တစ်အိမ်လက်ဆောင်အဖြစ် ခူးပေးလေ့သာရှိကြတာပါ။ ယခုလို ဈေးတန်းတွေထဲ ဗန်းကလေးတွေနဲ့ အမွှာထုတ်ရောင်းတာမျိုး မမြင်ဖူးကြပါဘူး။ ပိန္နဲသီးကို အမှည့်စားတာအပြင် အသီးနုကလေးတွေကိုခူးကာ အကွင်းလိုက်ပိုင်းပြုတ်ပြီး ပိန္နဲကွင်း အတို့အမြှုပ်အဖြစ် စားကြပါတယ်။

 

 တချို့အရပ်တွေမှာတော့ ပိန္နဲသီး မနုမရင့်အရွယ်ကို တုံးတစ်ပြီး ကြက်သား၊ ဝက်သားအစရှိတဲ့ အသားတွေနဲ့ ရောပြီး ချက်စားကြတာတွေ့ဖူးပါတယ်။ မိမိ ထားဝယ်ဘက်တွင်တာဝန်ကျစဉ် ပိန္နဲသီးနဲ့ဆင်တူတဲ့ စုံပတတ် သီးကို မြင်ဖူးပါတယ်။ အသီးက လုံးရှည်ပုံရှိပြီး ပိန္နဲသီးထက် အရွယ် ငယ်ပါတယ်။ အပင်ကတော့ စံကားစိမ်းပင်နဲ့ ဆင်ပါတယ်။ မွန်ပြည်နယ် ဘက်မှာတော့ လှေထွင်းရာမှာ အသုံးများကြတဲ့ တောင်ပိန္နဲရယ်လို့လည်း ကြားဖူးပါ သေးတယ်။ ပိန္နဲသီးရဲ့ အကျိုးဂုဏ်ကို ဥတုဘောဇနသင်္ဂဟ ကျမ်းမှာ “ပိန္နဲသီးစိမ်းသည် နှလုံးကို နှစ်သက်စေ တတ်၏။ ပိန္နဲသီးမှည့် သည် ပင်ပန်းခြင်း၊ ပူလောင်ခြင်း၊ ပိန်ခြောက်ခြင်းတို့ကို နိုင်၏။ သုက်ကပွားစေတတ်၏။ ဝမ်းချုပ်၏။ အလွန်ကြေခဲ၏”လို့ ဖော်ပြထားပါတယ်။ 

 

ပိန္နဲသီးအစိမ်းကို ပြုတ်ပြီး အတို့အမြှုပ်လုပ်စားတာ၊ အသားနဲ့ ရောပြီး ချက်စားကြတာကို အသိများကြပေမယ့် ယခုဖော်ပြမယ့် ပိန္နဲသီးငါးဆုပ်ဟင်းလျာကိုတော့ ကြားဖူးကြသူနည်းလိမ့်မယ်လို့ ထင်ပါ တယ်။ မွန်ပြည်နယ် သထုံဘက်မှာ သက်သတ်လွတ်ကျွေးကြတဲ့ အလှူ အတန်းတွေမှာ တွေ့ရလေ့ရှိပါတယ်။ 

 

ပိန္နဲသီးစိမ်း မနုမရင့် အနေတော် အရွယ်တွေကိုခူးပြီး အခွံခွာ၊ အလယ်အူတိုင်နဲ့ အစေ့တွေဖယ်ပြီး ဓား ထက်ထက် နဲ့ နုပ်နုပ်စဉ်းရပါတယ်။ ဓားနဲ့စဉ်းထားတဲ့ ပိန္နဲသီးစဉ်းပြီးသားအသားစတွေကို ဆားသင့်ရုံနဲ့ ချင်းတက်အနည်း ငယ်ထောင်းထည့်ပြီး အနှံ့နယ်ရပါမယ်။ ပြီးက မုန့်နှစ် ပျစ်ပျစ်နဲ့ရောကာ အပြားကလေးလုပ်ပြီး ဆီပူပူမှာထည့်ကာ ကြွပ်ရွနေအောင်ကြော်ပါမယ်။ 

 

ကြော်ပြီးသား ပိန္နဲသီးငါးဆုပ်ပြားတွေကို ငရုတ်၊ ကြက်သွန် ထောင်းပြီးသားအရောနဲ့ မိုးပြဲဒယ်ကြီးတွေမှာ ဆီသတ်ပြီး ဆီပေါပေါနဲ့ ဆီပြန်ဟင်းချက်တော့တာပါပဲ။ သထုံအလံတစ်ရာဘက်လို သက်သတ်လွတ်နယ်မြေ တွေမှာ အသုံးများတဲ့ဟင်းလျာမျိုးပါ။ ပုံမှာဖော်ပြထားတာကတော့ ဆီပြန်ဟင်းမချက်မီ ကြော်ထားတဲ့ ပိန္နဲသီးငါး ဆုပ်ပြားပါ။ ပိန္နဲသီးငါးဆုပ်ပြားကြော်ပြီးသားကို ရေနွေးကြမ်း နဲ့ မြည်းလို့ပဲဖြစ်စေ၊ ချင်းနံ့ကလေးသင်းပြီး အသားဟင်းနဲ့မခြား အရသာထူးတဲ့ ဆီပြန်ဟင်းလျာတစ်ခွက်အနေနဲ့ပဲဖြစ်စေ အိမ်ရှင်မများ အနေနဲ့ သမားရိုးကျ ဟင်းလျာတွေအကြား ထူးထူးခြားခြား ချက်ပြုတ် စားနိုင်ဖို့ရာ တင်ပြလိုက်ရပါကြောင်း။

 

 

စံလွင် (ငါးဦးစီး)