ကလျာမိုးမြင့်

တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ရောဂါအန္တရာယ်ကြောင့် စာသင်ကျောင်းတွေကို ပိတ်ထားခဲ့ရပြီးတဲ့နောက် မူလတန်းကလေးငယ်တွေမှာ ပိုပြီး စိတ်ဓာတ်ကျဆင်းတဲ့ လက္ခဏာတွေ အဖြစ်များလာသလို ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့ ကြိုးစားတဲ့သူအရေအတွက်ဟာဆိုရင်လည်း ကျောင်းတွေမပိတ်ခင်အချိန်ကထက် ပိုပြီးများလာတယ်လို့ လေ့လာတွေ့ရှိချက်အသစ်တစ်ရပ်မှာ ဖော်ပြထားပါတယ်။

သူငယ်ချင်းတွေနဲ့ဝေးကွာ

ပြီးခဲ့တဲ့ ဇန်နဝါရီလအတွင်း ကိုဗစ် - ၁၉ ရောဂါ တရုတ်နိုင်ငံမှာ စတင်ဖြစ်ပွားတဲ့အချိန်မှာ ပညာရေးဝန်ကြီးဌာနက ကျောင်းဖွင့်ချိန်တွေကို ဧပြီလနှောင်းပိုင်းကို ရွှေ့ဆိုင်းလိုက်ပါတယ်။ အာဏာပိုင်တွေက ရောဂါ ထိန်းချုပ်ရေးအတွက် စာသင်ကျောင်းတွေကို ပိတ်လိုက်ရတာဖြစ်ပေမယ့် ကျောင်းသားကလေးငယ်တွေအတွက်ကတော့ ပိတ်ထားတဲ့ကျောင်းတံခါး တွေဟာ သူတို့ခင်မင်ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့ ခွဲခွာလိုက်ရသလို ၎င်းတို့ရဲ့လူမှုဆက်သွယ်ရေးကွန်ရက်ကြီးတစ်ခုကိုလည်း ပိတ်ထားလိုက်သလို ခံစားခဲ့ရပါတယ်။

စိတ်ကျန်းမာရေးထိခိုက်

ကျောင်းမှာ သူငယ်ချင်းတွေနဲ့အတူ အတန်းချိန်မှာ စာတွေသင်ကြ၊ အတူဆော့ကစားကြ၊ ပြောဆိုရယ်မောကြနဲ့ နေ့စဉ်ပုံမှန်ဖြတ်သန်းနေထိုင်လာခဲ့ရာကနေ ကျောင်းတံခါးတွေပိတ်ပြီး အိမ်ထဲမှာ အလုံပိတ်နေထိုင်ရတဲ့ အခြေအနေက ကလေးငယ်တွေရဲ့စိတ်ကျန်းမာရေးကို တဖြည်းဖြည်းချင်း ထိခိုက်လာစေခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်က ပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ရပ်မှာ ရောဂါစတင်ဖြစ်ပွားချိန် မတိုင်ခင်ကနဲ့ ကိုဗစ် - ၁၉ ရောဂါကြောင့် ကျောင်းတွေပိတ်ထားချိန် အတောအတွင်းကလေးငယ်တွေရဲ့ စိတ်ကျန်းမာရေး အခြေအနေကို နှိုင်းယှဉ်လေ့လာခဲ့ကြပါတယ်။ ငါးတန်းကနေ ကိုးတန်းအထိ ကျောင်းသား ကျောင်းသူ ၁၂၄၁ ဦးကို စစ်တမ်းကောက်ယူထားတဲ့ရလဒ်တွေ အရ ကျောင်းသားတွေရဲ့ ၂၅ ရာခိုင်နှုန်းနီးပါးဟာ မေလအတွင်း စိတ်ဓာတ်ကျဆင်းတဲ့လက္ခဏာတွေတွေ့ရပြီး စက်တင်ဘာလမှာတော့ ကလေးငယ် ၁၉ ရာခိုင်နှုန်းအထိ စိတ်ကျလက္ခဏာတွေ တွေ့ရတယ်လို့ ဆိုပါတယ်။

အကူအညီပေးဖို့ ကြိုတင်ပြင်ဆင်

ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်ဖို့ ကြိုးစားတဲ့အရေအတွက်ဟာ နှစ်ဆလောက်တိုးပွားလာပြီး ပြီးခဲ့တဲ့နိုဝင်ဘာလအတွင်း ၃ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ယခုနှစ်မေလမှာ ၆ဒသမ ၄ ရာခိုင်နှုန်းအထိ ရှိလာတယ်လို့ ဖော်ပြထားပါတယ်။ ကိုဗစ် - ၁၉ ရောဂါကြောင့် အာဏာပိုင်တွေက ကန့်သတ် ပိတ်ဆို့မှုတွေပြုလုပ်လိုက်ပြီးနောက် ကျောင်းပြန်တက်တဲ့အချိန်မှာ ကလေးငယ်တွေကို စိတ်ကျန်းမာရေးဆိုင်ရာ လိုအပ်တဲ့အကူအညီတွေ ပေးအပ် နိုင်ရေး ကြိုတင်ပြင်ဆင်ထားဖို့ သုတေသနပညာရှင်တွေက လေ့လာမှုပြုလုပ် ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ယခုနှစ်အတွင်းမှာ စာသင်ကျောင်းတွေကို ဘေးကင်းစွာနဲ့ စောစောပြန်ဖွင့်နိုင်ဖို့ ဘယ်လိုလုပ်ဆောင်ကြမလဲဆိုတာနဲ့ပတ်သက်ပြီး ပြည်နယ် တွေမှာ ခေါင်းခဲနေကြရပါတယ်။ ကလေးငယ်တွေကို စိတ်ကျန်းမာရေးဆိုင်ရာ စွမ်းဆောင်ရည် ပိုကောင်းလာဖို့အတွက် အဝေးကနေ အခြားနည်းလမ်းတွေနဲ့ သင်ယူခြင်းထက် စာသင်ခန်းထဲမှာ ကိုယ်တိုင်ကိုယ်ကျသင်ယူနိုင်စေဖို့ American Academy of Pediatrics အဖွဲ့က ကြိုးပမ်းခဲ့ပါတယ်။

လမ်းညွှန်ချက်အသစ်တွေပြင်ဆင်

အမေရိကန်တစ်လွှားမှာ ကလေးငယ်တွေအတွက်ကိုယ်စားပြုပြီး ကလေးများအတွက် လမ်းညွှန်ချက်တွေပေးအပ်နေတဲ့အဆိုပါအဖွဲ့က ဇွန်လမှာ ကလေးများကျောင်းပြန်တက်ရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို အသစ် ပြင်ဆင်ခဲ့ပါတယ်။ လာမယ့်စာသင်နှစ်ကို ကလေးငယ်တွေ ကိုယ်တိုင်ကိုယ်ကျ ကျောင်းတက်ပြီး စာသင်နိုင်ဖို့ဆိုတဲ့ ရည်မှန်းချက်တစ်ရပ်နဲ့အတူ စတင်နိုင်ဖို့ မူဝါဒဆိုင်ရာ စဉ်းစားတွက်ချက်မှုမှန်သမျှကို အင်တိုက်အားတိုက်ထောက်ခံ တယ်လို့ အေအေပီအဖွဲ့က ၎င်းရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

အထီးကျန်ဆန်

အချိန်တွေအကြာကြီး ကျောင်းနဲ့ဝေးကွာနေခြင်းနဲ့ ကျောင်းမှာရနေကျ ဖြစ်တဲ့ အကူအညီဝန်ဆောင်မှုတွေကို မရရှိတော့ခြင်းက ကလေးငယ်တွေကို အထီးကျန်ဆန်မှုဖြစ်စေပြီး စိတ်ဓာတ်ကျဆင်းတာတွေ၊စိတ်အားငယ်တာ တွေပါ ဖြစ်လာစေတယ်လို့ သိရပါတယ်။

အမေရိကန်ပြည်ထောင်စုတစ်ဝန်းမှာ ကိုဗစ် - ၁၉ ကို ကောင်းစွာ မထိန်း ချုပ်နိုင်ဘဲ ရှိနေချိန် ရောဂါကူးစက်မှုအန္တရာယ်ကြောင့် တစ်နိုင်ငံလုံးမှာရှိတဲ့ ကျောင်းတွေကို ပိတ်ထားခဲ့ရပါတယ်။ဩဂုတ်လအရောက်မှာတော့ ဂျော်ဂျီယာ ပြည်နယ်၊ မစ္စစ္စပီပြည်နယ်၊ တင်နက်ဆီနဲ့ အင်ဒီယားနားပြည်နယ်တွေမှာ စာသင်ကျောင်းတံခါးတွေကို ပြန်ဖွင့်ခဲ့ပါတယ်။ ဒီလိုပြန်ဖွင့်လိုက်ချိန်မှာ ဆရာ ဆရာမတွေနဲ့ ကျောင်းသူကျောင်းသားတွေအကြား ကိုဗစ်-၁၉ ကူးစက် ခံရမှု ပိုမိုများပြားလာခဲ့ပြီး တချို့စာသင်ကျောင်းတွေက ချက်ချင်းအစီအစဉ် တွေပြောင်းပြီး ကျောင်းဖွင့်ချိန် နောက်ထပ်ရွှေ့ဆိုင်းထားဖို့ စီစဉ်ခဲ့ကြ ပါတယ်။

စိန်ခေါ်မှုတစ်ခုဖြစ်နေ

ကျောင်းတွေကို အခုပဲစဖွင့်လိုက်၊ အခုပဲပြန်ပိတ်လိုက် ဆိုတာမျိုး မလုပ် ချင်ဘူး။ အဲဒီလိုလုပ်တာက ကျွန်တော်တို့ရဲ့ကလေးတွေကို ပိုပြီးအခက်အခဲ ဖြစ်စေတယ်လို့ ကင်တပ်ကီအုပ်ချုပ်ရေးမှူး အန်ဒီဘီရှီယာက ပြောကြားခဲ့ပါ တယ်။ အခုအချိန်မှာတော့ ကိုဗစ် - ၁၉ ရောဂါရဲ့ဖိစီးနှိပ်စက်မှုကြောင့် ကလေး တွေဟာ စာသင်ခန်းထဲမှာ အတန်းဖော်တွေနဲ့အတူထိုင်ပြီး ကိုယ်တိုင်ကိုယ်ကျ သင်ယူနိုင်ခြင်းမရှိတော့ဘဲ အွန်လိုင်းသင်ကြားရေးစနစ်နဲ့ လုံးပမ်းနေကြရပြီး ဒီကိစ္စက ကလေးတွေအတွက် စိန်ခေါ်မှုတစ်ခုအဖြစ် ရှိနေဆဲဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်းမှာရှိကြတဲ့ စာသင်ကျောင်းတွေဆီကနေ လျှပ်စစ်ဓာတ်အားပြတ်တောက်မှုဖြစ်တာတွေ၊ ဆိုက်ဘာတိုက်ခိုက်ခံရတာတွေနဲ့ တခြား ပြဿနာရပ်တွေ ကြားသိရပြီး တချို့စာသင်ကျောင်းတွေမှာ အွန်လိုင်း သင်ကြားမှု ပထမဆုံးနေ့အတန်းချိန်ကို ရွှေ့ဆိုင်းခဲ့ရတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ရေရှည်မှာ အဆင်မပြေမှုတွေရှိနိုင်

အွန်လိုင်းသင်ကြားရေးစနစ်ဟာ လွယ်ကူရိုးရှင်းတယ်လို့ ထင်ရပေမယ့် လူကိုယ်လက်တွေ့သင်ကြားပြသဖို့ လိုအပ်တဲ့အပိုင်းတွေလည်း ရှိနိုင်တာ ကြောင့် ရေရှည်မှာအဆင်မပြေမှုတွေတော့ ဖြစ်နိုင်တယ်လို့ လေ့လာသူ တချို့က ထောက်ပြကြပါတယ်။ ကိုဗစ် - ၁၉ ရောဂါကြီး မပြီးသေးသရွေ့ ကတော့ ပိတ်ထားတဲ့ကျောင်းတံခါးတွေရဲ့ နောက်ကွယ်မှာကျောင်းသား ကလေးငယ်တွေရဲ့ သက်ပြင်းချသံတွေကို မိဘတွေကြားနေကြရဦးမှာပါ။ ။

ကိုးကား-စီအင်န်အင်န်