ပို့ကုန်နှင့် စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


ရန်ကုန် မေ ၄
ပို့ကုန်နှင့်စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်မည့်အစီအစဉ်နှင့်စပ်လျဉ်းသည့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာလမ်းရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မင်္ဂလာခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် စီမံခန့်ခွဲရေး ကော်မတီဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးပညာပေးရေးဌာနခွဲ၊ ဆန်စပါးဌာနခွဲမှ ညွှန်ကြားရေးမှူးများ၊ Export ပမာဏအများဆုံးတင်ပို့နေသည့် ကုမ္ပဏီများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ၂ဝ၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးထုတ်လုပ်မည့်ကုမ္ပဏီများ၊ အသင်းအဖွဲ့များ တက်ရောက်ကြသည်။
ဉီးစွာ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးပညာပေးရေးဌာနခွဲ ညွှန်ကြားရေးမှူး ဦးကိုကိုကြီးက ၂၀၂၄ခုနှစ် မိုးစပါးရာသီတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်စီမံကိန်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးလူမော်မြင့်မောင်က Exporter ကုမ္ပဏီများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် ကုမ္ပဏီများ၊ MSME လုပ်ငန်းရှင်များ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းဆွေးနွေးကြသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် Exporter ကုမ္ပဏီများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းတွင် ပါဝင်ဆောင်ရွက်မည့် ကုမ္ပဏီများ၊ MSME လုပ်ငန်းရှင်များက ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ဆွေးနွေးမေးမြန်ကြရာ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့မှ တာဝန်ရှိသူများက ပြန်လည်ညှိနှိုင်းဆွေးနွေးကြသည်။
ယင်းနောက် အထွေထွေကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးတင်ပြကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌက ကျေးဇူးတင်စကား ပြောကြားသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှုအရ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း၍ ဆန်/ဆန်ကွဲ ပြည်ပတင်ပို့သည့် Exporter ကုမ္ပဏီများအား ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လုပ်ငန်းအစီအစဉ်များကို အကောင်အထည်ဖော်သွားမည်ဖြစ်သည်။
အဆိုပါ အစီအစဉ်အရ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ပြည်ပသို့ ဆန်/ဆန်ကွဲ (၁) တန်တင်ပို့လျှင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွင် (၁) ဧကပူးပေါင်းပါဝင် ဆောင်ရွက်ရန် ရည်မှန်းချက်ထားရှိပြီး ဖြစ်နိုင်သည့် အတိုင်းအတာအထိ ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာ၌ ပို့ကုန်လုပ်ငန်းရှင်များသည် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆန်စပါးစိုက်ပျိုး ထုတ်လုပ်သည့် လုပ်ငန်းစဉ်များတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ တောင်သူလယ်သမားများနှင့် ပူးပေါင်းလျက် ကန်ထရိုက်လယ်ယာလုပ်ငန်းများအပါအဝင် ဆန်စပါးဆိုင်ရာ MSME လုပ်ငန်းရှင်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများတွင် စိုက်ပျိုးထုတ်လုပ်မှုဖွံ့ဖြိုးရေးအတွက် ဓါတ်မြေဩဇာများ၊ မျိုးစေ့များ၊ ငွေကြေးများကို ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်