မြတ်မိုးသွယ်
အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ စတင်ဖြစ်ပေါ်လာပုံ
ကမ္ဘာ့နိုင်ငံများက သဘာဝဘေးအန္တရာယ်များကြောင့် ထိခိုက်ဆုံးရှုံးမှုများကို လျှော့ချနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေကြသည်မှာ မျက်မှောက်ကာလတွင်မှ မဟုတ်ပါ။ ကုလသမဂ္ဂအဖွဲ့ကြီးက နှစ်စဉ်အောက်တိုဘာလ၏ ဒုတိယမြောက် ဗုဒ္ဓဟူးနေ့ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေး နေ့အဖြစ် သတ်မှတ်ပြီး ဘေးအန္တရာယ်များနှင့်စပ်လျဉ်း၍ အလေးဂရုပြုမိစေရန် ၁၉၈၉ ခုနှစ် ကတည်းကပင် စတင်ဆောင်ရွက်ခဲ့သည်။ တစ်ဆက်တည်းမှာပင် ၁၉၉၀ ပြည့်နှစ်များကို သဘာဝဘေး လျော့ပါးရေးဆိုင်ရာ နိုင်ငံတကာဆယ်စုနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး ဘေးလျော့ပါးရေးလုပ်ငန်းများတွင် နိုင်ငံတကာပူးပေါင်း ဆောင်ရွက်မှုများကို တိုးမြှင့်လုပ်ဆောင်ခဲ့သည်။ သဘာဝဘေးလျော့ပါးရေး ဆိုင်ရာ နိုင်ငံတကာ မဟာဗျူဟာကို ရေးဆွဲခဲ့ပြီး အဆိုပါ မဟာဗျူဟာကို အကောင်အထည်ဖော် နိုင်ရေးအတွက် အတွင်းရေးမှူးချုပ်ရုံးကိုပါ ထူထောင်ခဲ့သည်။ ၂၀၀၉ ခုနှစ်တွင်မူ ကုလသမဂ္ဂအဖွဲ့ကြီးက အောက်တိုဘာ ၁၃ ရက်ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးလျော့ပါးရေးနေ့အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့သည်။
ဘေးအန္တရာယ်များကို လျှော့ချရန်ထက် ဘေးဖြစ်လျှင် ထိခိုက်နိုင်ခြေများကို လျှော့ချနိုင်ရန် ပိုမိုအရေးကြီးသဖြင့် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး လျော့ပါးရေးနေ့ကို အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေ လျှော့ချရေးနေ့(International Day for Disaster Risk Reduction- IDDRR)အဖြစ် ၂၀၁၉ ခုနှစ်တွင် အမည်ပြောင်းလဲ သတ်မှတ်ခဲ့သည်။ ဘေး အန္တရာယ်များနှင့်ပတ်သက်၍ ပြည်သူလူထု၏ သိမြင်နားလည်မှုနှင့် ပူးပေါင်း ဆောင်ရွက်မှုတို့သည် အခြေခံကျပြီး လွန်စွာအရေးပါ သည့်အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများက အပြည် ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံး နိုင်ခြေလျှော့ချရေးနေ့ အတိုကောက်အားဖြင့်(DRR Day) ကို နှစ်စဉ်အလေးထား၍ ဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း အဆိုပါနေ့ကို ၂၀၁၀ ပြည့်နှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့သည်။
၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေး အန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ ဆောင်ပုဒ် ကို "ပေါင်းစည်းညီညွတ်သော စီမံဆောင်ရွက်မှုမှသည် သဘာဝဘေးလျော့ပါးရေးဆီသို့"ဟု သတ်မှတ်ထားသည်။ ဘေးလျော့ပါးရေးအတွက် ပေါင်းစည်းညီညွတ်သည့် စီမံဆောင်ရွက်မှုနှင့် ပတ်သက်၍ အကောင်းဆုံးဥပမာတစ်ခုကို ထုတ်နုတ်ပြပါဆိုလျှင် ဂျပန်နိုင်ငံကို နမူနာပြရမည်ဖြစ် သည်။ ဂျပန်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများထဲတွင် ဘေးအန္တရာယ် ကျရောက်လွယ်သည့် ထိပ်ဆုံးနိုင်ငံတစ်ခု ဖြစ်သကဲ့သို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတွင်လည်း ထိပ်ဆုံးနေရာမှ ရပ်တည်လျက် ရှိသည်။ ဂျပန်နိုင်ငံအနေဖြင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတွင် အောင်မြင်ရခြင်း၏ အဓိကသော့ချက်မှာ ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်ခု ဖြစ်နေခြင်းကြောင့်သာမက နိုင်ငံအတွင်းရှိ ပြည်သူတစ်ရပ်လုံးက သဘာဝဘေးလျော့ပါးရေးကို လူတိုင်း၏အလုပ်ဟု ခံယူထားခြင်းကြောင့်ဖြစ်သည်။ ဘေးအန္တရာယ်သည် ဆင်းရဲချမ်းသာ၊ ကျား/မ၊ အသက်အရွယ် မခွဲခြား သည့်နည်းတူ ဘေးလျော့ပါးရေးအတွက်လည်း လူတိုင်းတွင်တာဝန်ရှိသည်ဟု ခံယူထားကြသည်။ သဘာဝဘေးလျော့ပါးရေးလုပ်ငန်းတွင် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ ပညာရပ်ဆိုင်ရာနှင့် သုတေသန အဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ ဌာနဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ပုဂ္ဂလိက အဖွဲ့အစည်းများနှင့် လူမှုရေးအသင်းအဖွဲ့များ အားလုံး ပူးပေါင်း၍ ဟန်ချက်ညီညီ ဆောင်ရွက်ကြသည်။ ကျောင်းများနှင့် တက္ကသိုလ်များတွင် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုနှင့် ဆက်စပ်သည့် ဘာသာရပ်များကို ပို့ချပေးသကဲ့သို့ ဘေးလျော့ပါးရေးဆောင်ရွက်နေသည့်ပြင်ပမှ ပညာရပ်ဆိုင်ရာ အဖွဲ့အစည်းများ၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု၊ ရှာဖွေကယ်ဆယ်ရေး၊ မိုးလေဝသ စောင့်ကြည့်လေ့လာရေးစသည့် ဌာနဆိုင်ရာအဖွဲ့အစည်း များ၏ လုပ်ငန်းများကိုပါ ပူးတွဲလေ့လာစေသည်။ ထိုနည်းတူစွာ ပုဂ္ဂလိကဝန်ဆောင်မှုပေးသည့် ဓာတ်ငွေ့လိုင်း၊ သောက်သုံးရေဖြန့်ဝေခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းနှင့် စက်သုံးဆီရောင်းချသည့် လုပ်ငန်းစသည့် စီးပွားရေးလုပ်ငန်းရှင်များကလည်း ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလုပ်ငန်း များကို မိမိတို့၏ လုပ်ငန်းတာဝန် တစ်ရပ်အဖြစ် ပူးပေါင်းဆောင်ရွက်ကြသည်။ ဘေးအန္တရာယ်များနှင့် စပ်လျဉ်း၍ ကျောင်းသား ကျောင်းသူများနှင့် ပြည်သူများကို အသိပညာပေးနိုင်ရန် ပြတိုက် များ၊ ပြခန်းများကိုလည်း အစိုးရနှင့် ပုဂ္ဂလိက ပူးပေါင်း၍ ဖွင့်လှစ်ဆောင်ရွက် ပေးလျက်ရှိသည်။ ဘေးဖြစ်ပွားပြီးနောက်ပိုင်း ကုန်ကျစရိတ်ကြီးမားလွန်းသည့် ပြန်လည်ထူထောင်ရေး ကိစ္စရပ်များတွင် လည်း ပုဂ္ဂလိကလုပ်ငန်းရှင်များက အစိုးရနှင့်လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ပေးကြသည်။ ယင်းကဲ့သို့ သဘာဝ ဘေးလျော့ပါးရေးကို ဘက်ပေါင်းစုံက ညီညီညွတ်ညွတ်ဖြင့် ဆောင်ရွက်ကြ သည့်အတွက် အောင်မြင်မှုများရရှိခြင်းပင် ဖြစ်သည်။
မြန်မာနိုင်ငံနှင့် သဘာဝဘေးအန္တရာယ်
မြန်မာနိုင်ငံသည် စီးပွားရေးအရ ထိခိုက်ဆုံးရှုံးမှုနည်းပါးသော်လည်း မကြာခဏ ဖြစ်ပွားလေ့ရှိသည့် ဘေးအန္တရာယ်များ၊ စီးပွားရေးအရ အတော်အသင့် ဆုံးရှုံးမှုရှိပြီး ဖြစ်ပွားသည့်အကြိမ်ရေ အသင့်အတင့် ရှိသည့် ဘေးအန္တရာယ်များနှင့် အကြိမ်ရေ နည်းပါးသော်လည်း ပျက်စီးဆုံးရှုံးမှုကြီးမားသည့် ဘေးအန္တရာယ်များကို ကြုံတွေ့ရလျက်ရှိသည်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးချိန်မှစတင်၍ ၂၀၁၈ ခုနှစ်အထိ ၁၀ နှစ်တာကာလအတွင်း မြန်မာ နိုင်ငံတွင် ထိခိုက်ဆုံးရှုံးမှုကြီးမားသည့် ဘေးအန္တရာယ်တစ်မျိုးမျိုးကို နှစ်စဉ် လိုလို ကြုံတွေ့ခဲ့ရပြီး ၂၀၁၈ နောက်ပိုင်းမှစ၍ ယင်းကဲ့သို့သော ဘေးအန္တရာယ် များကို တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ကြုံတွေ့ရလျက်ရှိသည်။ ၂၀၀၈ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ထိခိုက်ဆုံးရှုံးမှုများပြားသည့် ဘေးအန္တရာယ်စုစုပေါင်း ၁၅ ကြိမ် ဖြစ်ပွားခဲ့ပြီး ယင်းတို့အနက် ၁၃ ကြိမ်မှာ ရေနှင့်ဆက်စပ်သည့် ဘေးအန္တရာယ် များဖြစ်သည်။ ထို့အပြင် ရာသီဥတုပြောင်းလဲမှုကြောင့် မြန်မာနိုင်ငံတွင် မိုးရွာသွန်းမှု ပိုမိုများပြားလာနိုင်သည့်အတွက် မြစ်ရေကြီးမှု အန္တရာယ်ကိုလည်း တိုးမြင့်စေနိုင်သည်။ မိုးရွာသွန်းမှုနှင့် ဆက်စပ်သည့် မြေပြိုကမ်းပြိုခြင်း၊ လျှပ်တစ်ပြက် ရေကြီးရေလျှံခြင်းနှင့် ဆည်တာတမံများ ကျိုးပေါက်ခြင်းစသည့် အန္တရာယ်များကိုပါ ရင်ဆိုင်ရသည်။ မွန်ပြည်နယ်အတွင်း ၂ဝ၁၈ ခုနှစ်တွင် လျှပ်တစ်ပြက်ရေကြီးမှုများနှင့်အတူ မော်လမြိုင်မြို့ရှိ ကျိုက်သလ္လံစေတီတော် ကုန်းမြေပြိုကျမှုနှင့် ဆွာချောင်းရေလှောင်တမံ ကျိုးပေါက်မှုကြောင့် ရေကြီး ရေလျှံခြင်း၊ ၂ဝ၁၉ တွင် ပေါင်မြို့နယ် မလတ်တောင် မြေပြိုခြင်းတို့ ဖြစ်ပွားခဲ့ သည်။ ယခု ၂ဝ၂ဝ ပြည့်နှစ်တွင် အမရပူရမြို့နယ် ရွှေဂဲရေထိန်းတံခါး တာပေါင် ကျိုးပေါက်ခြင်းကြောင့် ဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံခြင်းနှင့် ဖားကန့်တွင် ဖြစ်ပေါ်ခဲ့သည့် မြေစာပုံပြိုကျမှုများသည် မြင်သာထင်ရှားသည့် သာဓကများပင် ဖြစ်သည်။
အတိတ်က ဖြစ်ပွားခဲ့သည့် ဘေးအန္တရာယ်များကို ပြန်လည်ဆန်းစစ်ကြည့်လျှင် မြစ်ရေကြီးမှု၊ မုန်တိုင်းဒီရေနှင့် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်မှုများ ကြောင့် ပျမ်းမျှအားဖြင့် နှစ်စဉ်လူဦးရေ တစ်သန်းကျော်ခန့် ထိခိုက်ခံစားကြရပြီး စီးပွားရေးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၄၄၄ သန်းခန့်ရှိကြောင်း စာရင်း ဇယားများအရ တွေ့ရှိရသည်။ အဆိုပါ ဘေးအန္တရာယ်များကြောင့် ဘေးသင့်သူ စုစုပေါင်း၏ သုံးပုံတစ်ပုံခန့်မှာ ဧရာဝတီတိုင်းဒေသကြီးမှ ဖြစ်ကြပြီး ဒုတိယ အများဆုံးအဖြစ် ၂၈ ရာခိုင်နှုန်းခန့်သည် ရန်ကုန်တိုင်းဒေသကြီးတွင် နေထိုင် လျက်ရှိကာ ရခိုင်ပြည်နယ်တွင် ၁၀ ရာခိုင်နှုန်းဖြစ်၍ တတိယအများဆုံးဖြစ်သည်။
ဘေးသင့်သူများအနက် အမျိုးသမီး ၅၂ ရာခိုင်နှုန်း၊ (၀-၁၄နှစ်) အကြား ကလေးသူငယ် ၂၉ ရာခိုင်နှုန်း၊ (၆၅နှစ် အထက်) သက်ကြီးရွယ်အို ၅ ရာခိုင်နှုန်း နှင့် မသန်စွမ်း ၅ ရာခိုင်နှုန်းခန့် ပါဝင်သည်။ အဆိုပါ လူဦးရေအုပ်စုများသည် ထိခိုက်လွယ်အုပ်စုများဖြစ်သည့်အတွက် ဘေးအန္တရာယ်ကျရောက်ချိန်များတွင် ၎င်းတို့သည် ပိုမို၍ ထိခိုက်ခံစားကြရသည်။
၂၀၂၀ ပြည့်နှစ် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့၏ မျှော်မှန်းချက်
သဘာဝဘေးအန္တရာယ်များကြောင့် လူ့အသက်ဆုံးရှုံးမှုများနှင့် စီးပွားရေး၊ လူမှုရေး ထိခိုက်ဆုံးရှုံးမှု များကို လျှော့ချနိုင်ရန်အတွက် ဘေးအန္တရာယ်ကြောင့် ထိခိုက်နိုင်ခြေများကို တာဝန်ရှိသူများသာမက ဒေသခံပြည်သူလူထုကပါ သိမြင်သဘောပေါက်ရန် လွန်စွာအရေးကြီးသည်။ ယင်းသို့ သိမြင်နားလည်ခြင်းအားဖြင့် ကြိုတင်ပြင်ဆင် ကာကွယ်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ပြည်သူများအကြား ဘေးအန္တရာယ်ဆိုင်ရာ အသိအမြင်များ တိုးပွားစေရန် ရည်သန်၍ အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးနေ့ကို နှစ်အလိုက် ဦးတည်အုပ်စုများနှင့် အကြောင်းအရာများ အလိုက် ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်တွင်မူ ၂၀၁၅ ခုနှစ်က အတည်ပြုခဲ့သည့် ဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးဆိုင်ရာ ဆန်ဒိုင်း မူဘောင် ပန်းတိုင်(င)နှင့်အညီ ကျင်းပပြုလုပ်ခြင်းဖြစ်သည်။ ပန်းတိုင်(င)အရ နိုင်ငံတော် အဆင့်နှင့် တိုင်းဒေသကြီး/ပြည်နယ်အဆင့်များတွင် သဘာဝဘေးလျော့ပါးရေး ဆိုင်ရာ မဟာဗျူဟာများနှင့် စီမံချက်များ ရေးဆွဲအကောင်အထည်ဖော်ကြရန် ဖြစ်သည်။
ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ မဟာဗျူဟာနှင့် စီမံချက်များ
မျက်မှောက်ခေတ်တွင် ဘေးအန္တရာယ်များကို စီမံခန့်ခွဲခြင်းထက် ဘေးအန္တရာယ်များကြောင့် ထိခိုက်နိုင်ခြေများကို စီမံခန့်ခွဲခြင်းအား ပိုမိုအလေးထား ဆောင်ရွက်လာ ကြသည်။ အကြောင်းမှာ ဘေးအန္တရာယ်များကို စီမံခန့်ခွဲ ခြင်းသည် ဘေးဖြစ်ပြီးချိန်မှ တုံ့ပြန်ဆောင်ရွက်သည့် နည်းလမ်းမျိုး ဖြစ်ပြီး ထိခိုက်နိုင်ခြေများကို ကြိုတင် မျှော်တွေးဆောင်ရွက်ခြင်းမှာမူ ဘေးမဖြစ်ခင်ကပင် ကြိုတင်စီမံခြင်းဖြစ်သည့်အတွက် ယင်းနည်းလမ်းကို ကျင့်သုံးဆောင်ရွက်လာခြင်းဖြစ်သည်။ သို့ဖြစ်ရာ ထိခိုက် နိုင်ခြေများကို လျှော့ချပေးနိုင်မည့် နည်းလမ်းများနှင့် လုပ်ငန်းစဉ်များကို မဟာဗျူဟာများ၊ စီမံချက်များ ရေးဆွဲ ဖော်ထုတ်၍ အကောင်အထည်ဖော် ဆောင်ရွက်နေကြခြင်း ဖြစ်သည်။ မဟာဗျူဟာများနှင့် စီမံချက်များ ရေးဆွဲ မထားပါက လိုအပ်သည့်အရင်းအမြစ်များနှင့် ဖွဲ့စည်း ဆောင်ရွက်မှုများပြုလုပ်ရန် ခက်ခဲသကဲ့သို့ မဟာဗျူဟာ များနှင့် စီမံချက်များရှိသော်လည်း အကောင်အထည်ဖော်မည့် အဖွဲ့အစည်းများနှင့် အရင်းအမြစ်များမရှိလျှင် အချည်းနှီးပင် ဖြစ်ပေသည်။ သို့ဖြစ်ရာ စီမံချက်များ ရေးဆွဲခြင်းနှင့် အကောင်အထည်ဖော်နိုင်ရန် အရင်းအမြစ်များ တိုးပွားစေခြင်းသည် အညမည ဖြစ်ကြပါသည်။ စီမံချက်များကို မြေပြင်တွင် လက်တွေ့အကောင် အထည်ဖော်ရာ၌လည်း ဒေသန္တရ စီမံအုပ်ချုပ်ရေး အဖွဲ့အစည်းများ၏ စွမ်းဆောင်ရည်ပြည့်ဝခြင်းနှင့် အရင်း အမြစ်များရှိခြင်းတို့သည် အဓိကကျသည်။ မြန်မာနိုင်ငံတွင်လည်း ဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချရေးလုပ်ငန်းစီမံချက်ကို နာဂစ်မုန်တိုင်းဖြစ်ပွားပြီးနောက်ပိုင်း ၂၀၁၀ ပြည့်နှစ်တွင် စတင်ရေးဆွဲ ဆောင်ရွက်ခဲ့သည်။ အဆိုပါ စီမံချက်သည် ဘေးအန္တရာယ်များကြောင့် လူ့အသက်များ၊ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၊ သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိခိုက်ဆုံးရှုံးရခြင်းမှ ကာကွယ်ပေးနိုင်မည့် ဦးစားပေးလုပ်ငန်းများကို ဖော်ထုတ် ရေးဆွဲ ထားခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံ သဘာဝဘေးလျော့ပါးရေးအတွက် လမ်းပြပေးနိုင်သည့် မီးရှူး တန်ဆောင်တစ်ခုဆိုလျှင်လည်း မမှားနိုင်ပါ။
အဆိုပါစီမံချက်ကို သဘာဝဘေးလျော့ပါးရေးလုပ်ငန်းများတွင် ဆက်စပ် ပတ်သက်နေသည့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပုဂ္ဂလိကနှင့် ပြည်တွင်းလူမှုရေးအဖွဲ့အစည်းများ၊ ထိခိုက်လွယ်အုပ်စုများက ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။ စီမံချက် အကောင် အထည်ဖော်မှုကို အချိန်ကာလ အပိုင်းအခြားအလိုက် ပြန်လည်ဆန်းစစ်ခြင်းနှင့် အသစ်ပြန်လည် ရေးဆွဲခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီး ၂၀၁၇ ခုနှစ်တွင် ဒုတိယ အကြိမ် ထပ်မံရေးဆွဲ ခဲ့သည်။ အဆိုပါစီမံချက် သက်တမ်းကို ၂၀၁၇-၂၀၂၀ ဟု သတ်မှတ်ထားရာ ယခု ၂၀၂၀ ပြည့်နှစ်တွင် စီမံချက် အကောင်အထည်ဖော် တိုးတက်မှုကို ပြန်လည်သုံးသပ်ခဲ့သည်။ ဆန်းစစ်အကဲဖြတ်မှုများအရ ၎င်းတွင် ပါဝင်သည့် ဦးစားပေးစီမံကိန်း ၃၂ ခုအနက် ၂၉ ခုကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိသည့်အတွက် လက်ရှိအချိန်အထိ စီမံချက်၏ ၉၀ ရာခိုင်နှုန်းကို ဆောင်ရွက်နိုင်ကြောင်း တွေ့ရှိရသည်။ စီမံချက် သက်တမ်းကာလအတွင်း ရရှိခဲ့သည့် အတွေ့အကြုံများနှင့် သင်ခန်းစာများကို အခြေခံ၍ နောက်လာမည့်
ငါးနှစ်တာကာလအတွက် စီမံချက်အသစ်ကို ထပ်မံရေးဆွဲဆောင်ရွက်ရမည် ဖြစ်သည်။
လူမှုကာကွယ်စောင့်ရှောက်မှုဖြင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်စေခြင်း
ထို့အပြင် လက်ရှိဖြစ်ပွားလျက်ရှိသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကူးစက်ရောဂါ သည်လည်း ဘေးအန္တရာယ် တစ်မျိုးပင်ဖြစ်ပြီး ပြည်သူများ၏ ကျန်းမာရေးကို သာမက နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတို့တွင်လည်း ဆိုးကျိုးများစွာ သက်ရောက် စေနိုင်သည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ ဆိုးကျိုးသက်ရောက်မှု များကြောင့် ကမ္ဘာပေါ်ရှိ အမျိုးသမီးများ၏ ဆင်းရဲနွမ်းပါးမှုနှုန်းသည် ၉ ဒသမ ၁ ရာခိုင်နှုန်းခန့်အထိ မြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီး၏ စာရင်းဇယား များအရ တွေ့ရှိရသည်။
ယင်းကဲ့သို့သော ဆိုးကျိုးသက်ရောက်မှုများသည် အထူးသဖြင့် မျိုးဆက် ပွားနိုင်သော အသက်အရွယ် ရှိသည့် အမျိုးသမီးများတွင် အများဆုံး ကြုံတွေ့ ရနိုင်ကြောင်း ခန့်မှန်းထားသည်။ ထို့အပြင် နိုင်ငံတိုင်းတွင် ကူးစက်ရောဂါ၏ ဆိုးရွားပြင်းထန်မှုကို သက်ကြီးရွယ်အိုများက အဆိုးဆုံး ကြုံတွေ့ကြရသည်မှာ မျက်ဝါးထင်ထင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတော်အစိုးရက ကိုဗစ်-၁၉ ကာလ အတွင်း လူမှုကာကွယ်စောင့်ရှောက်မှု အစီအစဉ်များ တိုးချဲ့လုပ်ဆောင်ပေးခြင်း အားဖြင့် ထိခိုက်လွယ်အုပ်စုများအား ငွေကြေးပိုင်းဆိုင်ရာ၊ အသိပညာပိုင်း ဆိုင်ရာနှင့် အာဟာရပိုင်းဆိုင်ရာ စွမ်းဆောင်နိုင်မှုများ တိုးမြှင့်ပေးရန် ဆောင်ရွက်ပေးလျက်ရှိသည်။ ယင်းသို့ စွမ်းဆောင်နိုင်မှုများကို မြှင့်တင် ပေးခြင်းအားဖြင့် ထိခိုက်လွယ်အုပ်စုများ၏ ဘေးဒဏ်ရင်ဆိုင် တုံ့ပြန်နိုင်စွမ်းနှင့် လူမှုရေးဆိုင်ရာ အကာအကွယ်ရရှိမှုတို့ကိုပါ မြှင့်တင်ပေးနိုင်မည်ဖြစ်သည်။
ကိုဗစ်-၁၉ ကပ်ရောဂါဘေး အတွေ့အကြုံများကို သင်ခန်းစာရယူ၍ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုတွင် တာဝန်ယူဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် ပြည်သူ့ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်မှုများကို ယခင်ကထက် တိုးမြှင့်ဆောင်ရွက်ကြရန် ကမ္ဘာ့ နိုင်ငံအသီးသီးက တိုက်တွန်းလျက်ရှိသည်။ ပစ္စက္ခအတွေ့အကြုံများမှ သင်ယူ ခြင်းအားဖြင့် အနာဂတ်ကာလတွင် ပိုမိုကောင်းမွန်ပြီး ဘေးဒဏ်ခံနိုင်ရည် ရှိသည့် စီမံဆောင်ရွက်မှုစနစ်များ ဖြစ်ပေါ်လာရန်နှင့် နောင်တွင် ကြုံတွေ့ရနိုင် သော ဘေးဖြစ်စဉ်များအတွက် အဆင်သင့်ဖြစ်နေစေရန် ကြိုးပမ်းဆောင်ရွက် ကြရမည်ဖြစ်သည်။ နိုင်ငံများအနေဖြင့် သဘာဝဘေးအန္တရာယ်များအပြင် ဇီဝဗေဒဆိုင်ရာ ဘေးအန္တရာယ်များ၊ နည်းပညာဆိုင်ရာ ဘေးအန္တရာယ်များနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာ ဘေးအန္တရာယ်များအတွက်ပါ ကြိုတင်ပြင်ဆင် မှုများ ဆောင်ရွက်ရန် လိုအပ်လျက်ရှိကြောင်း ကိုဗစ်-၁၉ က မီးမောင်း ထိုးပြလျက်ရှိသည်။
ဘေးဒဏ်ခံနိုင်ရည်ရှိသည့် လူ့ဘောင်အဖွဲ့အစည်းဆီသို့
ယနေ့ကမ္ဘာတွင် ဆန်းသစ်မှုများ တိုးတက်ဖြစ်ပေါ်လျက်ရှိသကဲ့သို့ စိန်ခေါ်မှု များမှာလည်း ဒုနဲ့ဒေးပင်။ ယင်းတို့တွင် ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတု ပြောင်းလဲခြင်းတို့သည် မတူကွဲပြားသည့် ပုံစံများဖြင့် စိန်ခေါ်မှုအသစ်များကို ဖန်တီးလျက်ရှိပေသည်။ နိုင်ငံအသီးသီးက ယင်းစိန်ခေါ်မှုများကို ကမ္ဘာ့အဆင့်၊ ဒေသတွင်းအဆင့်၊ နိုင်ငံအဆင့်နှင့် ဒေသန္တရအဆင့် ပူးပေါင်းဆောင်ရွက်မှု များဖြင့် ရင်ဆိုင်ဖြေရှင်း ဆောင်ရွက်လျက်ရှိသည်။ ယနေ့မှာ ကျရောက်သည့် “အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျှော့ချ ရေးနေ့”သည်လည်း ထိုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကို အများ ပြည်သူက နိုးကြားသိမြင်နိုင်စေရန် ရည်ရွယ်၍ သတ်မှတ်ဆောင်ရွက်ခြင်း ဖြစ်သည်။ သို့ဖြစ်ရာ ကပ်ရောဂါဘေးအပါအဝင် ဘေးအမျိုးမျိုးကြောင့် ထိခိုက် ဆုံးရှုံးမှုများ လျှော့ချနိုင်ရေးအတွက် ကြိုးပမ်းအားထုတ် လုပ်ဆောင်မှုများတွင် ပြည်သူ တစ်ရပ်လုံးက တက်ကြွစွာ ပူးပေါင်းဆောင်ရွက် ပေးခြင်းဖြင့် ဘေးဒဏ် ခံနိုင်ရည်ရှိသည့် လူ့ဘောင်အဖွဲ့အစည်း ပေါ်ပေါက်နိုင်ပါစေကြောင်း ဆန္ဒပြု ရေးသားအပ်ပါသည်။


