ပါကစ္စတန်နိုင်ငံ ကရာချိမြို့ရှိ စျေးဝယ်စင်တာတစ်ခု မီးလောင်မှုဖြစ်ပွား၊ အနည်းဆုံး ၁၁ ဦး သေဆုံး

 

အစ္စလာမာဘတ်၊ နိုဝင်ဘာ ၂၆

 

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ဆိပ်ကမ်းမြို့ကရာချိတွင် စျေးဝယ်စင်တာတစ်ခု ယမန်နေ့က မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး ၁၁ ဦး သေဆုံး ပြီး ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

 

ပြင်းထန်သော မီးလောင်ဒဏ်ရာကြောင့် ဆေးရုံသုံးရုံတွင် သေဆုံးသူအရေအတွက် တိုးမြှင့်လာနိုင်ကြောင်း ကရာချိခရိုင်၏ လက်ထောက်ကော်မရှင်နာ အော်တက်ဖ်ရှီရိုက်ခ်က အတည်ပြုပြောကြားသည်။

 

အဆိုပါ အထပ်မြင့်ဈေးဝယ်စင်တာသည် Rashid Minhas လမ်းမကြီးပေါ်တွင် တည်ရှိပြီး နိုဝင်ဘာ ၂၅ ရက် ညနေပိုင်းတွင် မီးစတင်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မီးသတ်သမားများနှင့် ကယ်ဆယ်ရေးလုပ်သားများက မီးငြှိမ်းသတ်ခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်း များကို ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

 

မီးလောင်မှု ဖြစ်ပွားရသည့် အကြောင်းရင်းကို သိရှိနိုင်ရန် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

 

ကုန်တိုက်၏ခေါင်မိုးပေါ်ရှိ မီးစက်ချို့ယွင်းမှုကြောင့် မီးလောင်မှုဖြစ်ပွားကြောင်း ကယ်ဆယ်ရေး ဝန်ထမ်းများက ဆိုသည်။

 

ယခုလအစောပိုင်းတွင် ကရာချိမြို့ရှိ လူနေအိမ်များ၊ စီးပွားရေးနှင့် စက်မှုလုပ်ငန်းဆိုင်ရာ အဆောက်အအုံများ အပါအဝင် အဆောက်အအုံအားလုံး၏ ၉၀ ရာခိုင်နှုန်းမှာ မီးဘေးကြိုတင် ကာကွယ်ရေး ဆောင်ရွက်မှုများနှင့် မီးသတ်စနစ်များလုံလောက်စွာ မရှိကြောင်း တရားဝင် အစီရင်ခံစာတွင် ဖော်ပြသည်။

 

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - အောင်ကျော်ကျော်