ပါကစ္စတန်နိုင်ငံ၌ လူနေအဆောက်အအုံပြိုကျမှုကြောင့် ကိုးဦးသေဆုံး၊ နှစ်ဦးဒဏ်ရာရ

မတ် ၁၂

ပါကစ္စတန်နိုင်ငံအရှေ့ပိုင်းပန်ဂျပ်ပြည်နယ် မောလ်တန်မြို့၌ လူနေအဆောက်အအုံပြိုကျမှုကြောင့် ကိုးဦးထက်မနည်း သေဆုံးပြီး အခြားနှစ်ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသတွင်းအာဏာပိုင်များကပြောကြားသည်။ အဆိုပါသုံးထပ်အဆောက်အအုံသည် မောလ်တန်မြို့ Haram Gate ဒေသအနီးတွင် ယနေ့မနက်စောပိုင်းက ပြိုကျခဲ့ခြင်းဖြစ်သည်ဟု ကယ်ဆယ်ရေးအဖွဲ့အကြီးအကဲ ကာလီက သတင်းထောက်များကိုပြောကြားသည်။ ပြိုကျအဆောက်အအုံ၏အောက်တွင် လူ ၁၁ ဦး ပိတ်မိနေခဲ့ရာ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးအဖွဲ့က ကိုးဦးအလောင်းကို တွေ့ရှိခဲ့ပြီး နှစ်ဦးကိုအသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့သည်။ ထိခိုက်ဒဏ်ရာရရှိသူများကို ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် သေဆုံးသူကိုးဦးတွင် မိသားစုတစ်စုမှခုနစ်ဦးပါဝင်ကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို