ပါကစ္စတန်နိုင်ငံ၌ မုတ်သုမိုး သည်းထန်စွာရွာသွန်းမှုကြောင့် တစ်ရက်အတွင်း ၂၈ ဦးထက်မနည်း သေဆုံးခဲ့ပြီး လူသန်းချီ ရေလွှမ်းမိုးမှုဒဏ် ခံစားနေရ
အစ္စလမ္မာဘတ် သြဂုတ် ၃၀
ပါကစ္စတန်နိုင်ငံတွင် မုတ်သုံမိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူသန်းချီ ရေလွှမ်းမိုးမှုဒဏ် ခံစားနေရသည်။ ထို့အပြင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးနှင့်ဆက်စပ်သော မတော်တဆမှုများကြောင့် ၂၈ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ၄၈ ဦး ဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူများတွင် ကလေး ၁၁ ဦးထက်မနည်း ပါဝင်ခဲ့ပြီး အမျိုးသမီးသုံးဦးလည်း ပါဝင်ခဲ့သည်။
ဇွန်လလယ်မှစကာ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းခဲ့သည်။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သြဂုတ် ၂၈ ရက်တွင် သေဆုံးသူ ၁၀၀၀ ကျော်အထိ တိုးလာကြောင်း ပါကစ္စတန်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးအာဏာပိုင်များက ပြောသည်။ ထို့အပြင် ပါကစ္စတန်နိုင်ငံသည် နိုင်ငံတကာ အသိုင်းအဝိုင်း ထံမှ အကူအညီများကိုလည်း ရှာဖွေလျက်ရှိသည်။
လျှပ်တစ်ပြက် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုများကြောင့် ကျေးရွာများနှင့် ကောက်ပဲသီးနှံများ ရေနောက်ပါကုန်ကြသည်။ ထို့အပြင် နိုင်ငံတစ်ဝန်း လူပေါင်း ၃၃ သန်းနှင့် အဆောက်အအုံ တစ်သန်းနီးပါးလည်း ရေဘေးသင့်ခဲ့သည်။
နိုင်ငံအစိုးရသည် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်ရန် စစ်သားများကို စေလွှတ်ခဲ့သည်။
ပါကစ္စတန်ပြည်သူများသည် အလွန်ခက်ခဲသော အခြေအနေများနှင့် ရင်ဆိုင်ကြုံတွေ့နေသောကြောင့် စစ်တပ်အကြီးအကဲကလည်း နိုင်ငံခြားမှ အကူအညီများပေးရန် တောင်းဆိုထားသည်။
ရေကြီးရေလျှံမှုများသည် စိုက်ပျိုးရေးကိုလည်း ထိခိုက်စေသည်။ ပါကစ္စတန်တောင်ပိုင်းပြည်နယ် တစ်ခုဖြစ်သည့် ဆင်းဒ်ပြည်နယ်တွင် ဝါနှင့် ကောက်ပဲသီးနှံ အားလုံးနီးပါး ဆုံးရှုံးခဲ့သလို ကြံအထွက်နှုန်းလည်း ထိခိုက်ခဲ့သည်။ ရေဘေးဒုက္ခကြောင့် နိုင်ငံ့စီးပွားရေးလည်း အဆိုးဆုံး ထိခိုက်ခဲ့သည်။
အင်န်အိတ်ချ်ကေ၊ ဆင်ဟွာ


